The network connection is lost.

Banner Image

ဒါဝင်နူနက်ဇ်ရဲ့လုပ်အားနှုန်းနဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်နေတဲ့ လီဗာပူးနည်းပြအန်းစလော့

မန်စီးတီးကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း အရန်ခုံတန်းမှာပဲ ရှိနေခဲ့တဲ့ ဒါဝင်နူနက်ဇ်နဲ့ပတ်သက်လို့ သူ့ရဲ့စိတ်ပျက်နေမှုကို လီဗာပူးနည်းပြအန်းစလော့က ထုတ်ဖော်ခဲ့ပါတယ်။ အက်စတွန်ဗီလာနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး နူနက်ဇ်ရဲ့အပြုအမူနဲ့ပတ်သက်လို့ သဘောမတွေ့ဘူးလို့ အစောပိုင်းမှာလည်း အန်းစလော့ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။

အခုအချိန်မှာတော့ လီဗာပူးနည်းပြက ဥရုဂွေးလက်ရွေးစင်ရဲ့ကလပ်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ခုမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေ မမြင်တွေ့ခဲ့ရတာကြောင့် ကျေနပ်အားရမှုမရှိဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အန်းစလော့က “ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ အခွင့်အရေးကောင်းတစ်ကြိမ်လွဲချော်မှုကိုပြောပြခြင်းနဲ့အတူ သူ့ကို ကျွန်တော် ကူညီပေးခဲ့ပါတယ်။ ကျွန်တော့်ဘက်ကတော့ သူ့ကိုအခက်တွေ့အောင် မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ဝုဗ်၊ ဗီလာတို့နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေက ကျွန်တော့်အတွက်တော့ စိတ်ကျေနပ်စရာအခြေအနေမျိုး မဟုတ်ခဲ့ပါဘူး။

ကစားသမားတစ်ဦးက အရာရာတိုင်းမပေးဆပ်ဘူးဆိုတဲ့အချက်ကို ကျွန်တော် လက်မခံပါဘူး။ ဒါ ရှင်းပါတယ်။ တစ်ကြိမ်လောက်ဆို လက်ခံပေးနိုင်ပေမယ့် နှစ်ကြိမ်ဆိုရင်တော့ အတော်လေးများသွားပါပြီ။ ဒါကပဲ ကျွန်တော် ဖြေရှင်းခဲ့တဲ့အကြောင်းရင်း ဖြစ်ပါတယ်။ အခွင့်အရေးတစ်ခု လွဲချော်သွားမယ်ဆိုရင်တောင် အသင်းအတွက် ဆက်ပြီးတိုက်ပွဲဝင်သွားရပါမယ်။ သူက အဲ့ဒီလိုမျိုး မလုပ်ခဲ့ဘူးလို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်မှုရရှိခဲ့တဲ့ ပုံမှန်ဒါဝင်နူနက်ဇ်ကို မမြင်တွေ့ခဲ့ရပါဘူး။ ဒီလိုချစ်ခြင်းမေတ္တာတွေကြောင့်ပဲ သူ အမြဲတမ်း အလုပ်ကို ကြိုးစားလုပ်ကိုင်နေခဲ့တာပါ”လို့ ပြောပါတယ်။

အက်စတွန်ဗီလာနဲ့ပွဲစဉ်အတွင်း အခွင့်အရေးကောင်းတစ်ကြိမ်ကို လွဲချော်ပြီးနောက် ဒါဝင်နူနက်ဇ် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အန်းစလော့ကတော့ နယူးကာဆယ်နဲ့ပွဲစဉ်မတိုင်ခင် အသက်-၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။

အန်းစလော့က “ တနင်္လာနေ့၊ လုပ်အားနှုန်းနဲ့ပတ်သက်တဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ဒါဝင်နူနက်ဇ်ရဲ့ပုံစံက အံ့မခန်းပါပဲ။ ဒီအတိုင်းဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အသင်းဘက်မှ သူ့ကို လိုအပ်လာချိန် လေ့ကျင့်ရေးကွင်းမှာပြသခဲ့တဲ့ ပုံစံမျိုးအတွက် သူ အဆင်သင့်ဖြစ်နေရပါမယ်”လို့ ပြောပါတယ်။