The network connection is lost.

Banner Image

အာဆင်နယ်ကစားသမားဘဝ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးရယူနိုင်ခဲ့ပေမယ့် ကိုယ့်ခြေစွမ်းကိုယ် အားရမှုမရှိကြောင်း ဖွင့်ဟလာတဲ့ ဒီကလန်ရိုက်စ်

ယနေ့နံနက်က ဒိုင်နမိုဇာဂရက်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကိုယ့်ခြေစွမ်းကိုယ်အားရကျေနပ်မှု မရှိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ဒိုင်နမိုဇာဂရက်ကိုအနိုင်ယူပြီး ၃ မှတ်အပြည့်အဝစုဆောင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်ဟာ ချန်ပီယံလိဂ် အုပ်စုအမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာရပ်တည်နေပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းတွေပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ရိုက်စ်ဟာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်းပွဲအစ ၂ မိနစ်မှာပဲ စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး အသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးတွေကိုတော့ ဒုတိယပိုင်းမှာ ကိုင်ဟားဗတ်ဇ်နဲ့ အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်တို့က ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း ရိုက်စ်က သူ့အနေနဲ့ ၁ ဂိုးသာသွင်းယူနိုင်ခဲ့လို့ ကျေနပ်နိုင်ခြင်းမရှိဘဲ အခုထက်ပိုပြီး ဂိုးတွေ့ရခဲ့သင့်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်လက်ရွေးစင်က “ကျွန်တော်ဒီပွဲကို သိပ်မကျေနပ်ပါဘူး။ ဒီပွဲမှာ ကျွန်တော် ယူနိုက်တက်နဲ့ကစားခဲ့တုန်းကလိုပဲ တူညီတဲ့နေရာမှာနေခဲ့ပါတယ်။ ကျွန်တော်က နံပါတ် ၈ နေရာနဲ့ သင့်တော်တဲ့ကစားသမားပါ။ ပထမပိုင်းမှာ သွင်းဂိုး ၁ ဂိုးသွင်းနိုင်ခဲ့ပေမယ့် နောက်တစ်ဂိုးထပ်မရတော့လို့ သိပ်မကျေနပ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဒီထက်ပိုပြီး အဆုံးသတ်စွမ်းရည်ရှိသင့်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ချန်ပီယံလိဂ်သွင်းဂိုးပါ။ ဒီဂိုးကိုသွင်းနိုင်ဖို့ ၂ ရာသီတောင်ကြာခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်ပါတယ်။ နောက်ထပ်ဂိုးတွေထပ်သွင်းနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
 
ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ ကွင်းလယ်ကစားသမား ၂ ဦးဖြစ်တဲ့ ရိုက်စ်နဲ့ အိုဒီဂတ်တို့ရဲ့သွင်းဂိုးတွေကြောင့်သာ ပြတ်သားတဲ့အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြမီခေးလ်အာတီတာအနေနဲ့ ယခုဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူမယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမယ့် အခုချိန်အထိတော့ ရေရာတဲ့အပြောင်းအရွှေ့အလားအလာမျိုး မြင်တွေ့ထားရခြင်းမရှိသေးပါဘူး။ 

ဆက်လက်ပြီး ရိုက်စ်က “တိုက်စစ်မှူးခေါ်ယူဖို့ကအရေးကြီးသလို၊ ကွင်းလယ်ကစားသမားတွေ ဂိုးသွင်းနိုင်ဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ဂိုးတွေက ကွင်းလယ်ကနေရတာများလို့ပါ။ အိုဒီဂတ်ကလည်း ပွဲပြီးကာနီးမှာ သူ့ရဲ့ပုံစံအတိုင်းဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်ကလည်း ဂိုးသွင်းခဲ့လို့ အသင်းမှာ ကစားသမားတိုင်းလိုလိုက သွင်းဂိုးတွေ ရယူနိုင်စွမ်းရှိနေပါတယ်။ ဒီညနိုင်ပွဲက အရမ်းအရေးကြီးပါတယ်။ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲက ကျွန်တော်တို့အတွက်တော့ အရမ်းပဲအပြုသဘောဆောင်ပါတယ်။ နောက်ဆုံးပွဲစဉ်မှာလည်း အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။