The network connection is lost.

Banner Image

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူးဝစ်အင်းနရစ်ရဲ့ပီအက်စ်ဂျီအတွက် ကြိုတင်တွက်ဆထားမှု လုံးဝမရှိ

ချန်ပီယံလိဂ်အုပ်စုအပိတ်ပွဲစဉ်မှာ ပီအက်စ်ဂျီက သရေရလဒ်ရရှိမယ်ဆိုရင် အကြိုရှုံးထွက်အဆင့်ပွဲစဉ်ကစားရဖို့ အာမခံချက်ရှိပြီဖြစ်ပေမယ့် ဘယ်လိုပုံစံပဲဖြစ်လာပါစေ၊ သူတို့အတွက် အာရုံထွေပြားမှုမရှိပါဘူးလို့ နည်းပြလူးဝစ်အင်းနရစ်က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ မန်စီးတီးကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပီအက်စ်ဂျီက အကြိုရှုံးထွက်အဆင့် ကစားနိုင်မယ့် အမှတ်ပေးဇယားအဆင့်-၂၂ နေရာဆီ တက်လှမ်းလာခဲ့ပါတယ်။ ပြင်သစ်ကလပ်အသင်းက ဗုဒ္ဓဟူးညပိုင်းပွဲစဉ်မှာ စတုဂတ်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် အခြားပြိုင်ဘက်တွေရဲ့ရလဒ်အပေါ်မူတည်ပြီး အကြိုရှုံးထွက်အဆင့်တက်ရောက်နိုင်မယ့် အခွင့်အရေးတစ်ရပ် ရရှိကောင်းရရှိသွားနိုင်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ လူးဝစ်အင်းနရစ်က “တစ်စုံတစ်ဦးက ကွင်းပြင်ပမှာ ဘာတွေဖြစ်နေသလဲဆိုတာ အာရုံစိုက်နေမယ်ဆိုရင် ကွင်းတွင်းလုပ်ရမယ့်တာဝန်တွေ လစ်ဟင်းသွားလေ့ရှိတယ်လို့ အတွေ့အကြုံတွေက ကျွန်တော့်ကို သင်ကြားပြောပြပေးထားပါတယ်။ ဆိုလိုတာက ကျွန်တော်တို့တွေ ကိုယ့်အခွင့်အရေးကို လက်လွှတ်ခံသွားဖို့ မရှိဘူးလို့ ပြောချင်တာပါ။

ကျွန်တော်တို့သာ အနိုင်ရလဒ်ဖော်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အမှတ်ပေးဇယားရပ်တည်မှု မြင့်တက်လာပါလိမ့်မယ်။ ဒါကပဲ ကျွန်တော်တို့ရဲ့ပစ်မှတ်ဖြစ်ပါတယ်။ နောက်ဆုံးပွဲနေ့မတိုင်ခင်အထိ အပြောင်းအလဲတွေ အများကြီးရှိနေမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒီလိုကိစ္စတွေထဲမှာ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

စတုဂတ်က ပြိုင်ပွဲအစမှာ အမှတ်ပေးဇယားအောက်ပိုင်းမှာ ရပ်တည်ရခဲ့ပေမယ့် အခုအချိန်မှာတော့ ပီအက်စ်ဂျီ (၁၀ မှတ်)နဲ့ ရမှတ်တူ၊ အကြိုရှုံးထွက်အဆင့်ကစားနိုင်မယ့် နောက်ဆုံးနေရာဖြစ်တဲ့ အမှတ်ပေးဇယားအဆင့်-၂၄ နေရာမှာ ရှိနေပါတယ်။ လူးဝစ်အင်းနရစ်ကတော့ ဂျာမန်ပြိုင်ဘက်ကို ပေါ့ပေါ့တန်တန်သဘောထားဖို့ မရှိပါဘူး။
စပိန်သားနည်းပြက “စတုဂတ်ကို လေ့လာကြည့်ပြီးနောက် နိုင်ငံရပ်ခြားကစားသမားတွေနဲ့အတူ သူတို့ရဲ့ကစားဟန်ကြောင့် ပြီးခဲ့တဲ့ရာသီ၊ အမှတ်ပေးဇယားဒုတိယနေရာရရှိခဲ့တာကို ကျွန်တော် မအံ့သြမိတော့ပါဘူး။

ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ သေချာပါတယ်။ သူတို့တွေက မဲအိုး(၄)မှာ ကျရောက်ခဲ့တဲ့ အသင်းဖြစ်ပေမယ့် အခြားအသင်းတွေထက် မြင့်မားတဲ့အဆင့်တစ်ခုမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့် သူတို့ရဲ့ကွင်းအတွင်းမှာ တကယ်ကိုခက်ခဲလာနိုင်တဲ့ပွဲစဉ်တစ်ခုအတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်”လို့ ပြောပါတယ်။

ပီအက်စ်ဂျီနည်းပြက သူ့အသင်းရဲ့ ပြိုင်ပွဲအတွင်းစွမ်းဆောင်ရည်ပိုင်းကြောင့် မြင့်မားတဲ့အဆင့်တစ်ခုဆီမှာ ရပ်တည်နိုင်မယ်လို့ ယုံကြည်နေပေမယ့် မန်စီးတီးကိုအနိုင်ရရှိမှုကိုတော့ သိသာထင်ရှားတဲ့တိုးတက်မှုလို့ မယူဆခဲ့ပါဘူး။ လူးဝစ်အင်းနရစ်က “ကျွန်တော့်ဆီမှာ ခင်ဗျားတို့အားလုံးနဲ့ မတူညီတဲ့ အတွေးအမြင်ရှိပါတယ်။ ခင်ဗျားတို့တွေက ရလဒ်တွေအပေါ် အခြေခံလေ့ရှိပေမယ့် ကျွန်တော်ကတော့ အဲ့ဒီလိုမျိုးမဟုတ်ပါဘူး။

ကျွန်တော်တို့က အထူးသဖြင့် အိမ်ကွင်းမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပြိုင်ဘက်အသင်းတွေထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ဂိုးပေါက်ရှေ့အကျိုးရှိရှိမလုပ်ဆောင်ဘူးဆိုရင် ပွဲစဉ်တွေကို အနိုင်ရရှိဖို့ ခက်ခဲလာပါလိမ့်မယ်။

တစ်ရာသီလုံးဖြတ်ကျော်လာခဲ့တဲ့ လမ်းကြောင်းအပေါ်မှာပဲ ကျွန်တော်တို့တွေ ဆက်လက်လျှောက်လှမ်းနေတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်အရ အမှတ်ပေးဇယားထိပ်ဆုံးရှစ်သင်းက နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းခွင့်ရရှိပြီး အဆင့်-၉ မှ အဆင့်-၂၄ နေရာအတွင်း ရပ်တည်နိုင်တဲ့အသင်းတွေကတော့ နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်မှာပါဝင်နိုင်ဖို့ အကြိုရှုံးထွက်(အိမ်/အဝေး)ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားရပါမယ်။