
အန်တိုနီကသူ့အတွက် သားတစ်ယောက်လိုပဲလို့ပြောကြားလိုက်တဲ့ တန်ဟက်
လေဗာကူဆင်နည်းပြသစ် အဲရစ်တန်ဟက်က သူနဲ့ အေဂျက်စ်မှာရော မန်ချက်စတာယူနိုက်တက်မှာပါ လက်တွဲခဲ့ဖူးတဲ့ တောင်ပံကစားသမား အန်တိုနီဟာ သူ့အတွက်တော့ သားတစ်ယောက်လိုပဲဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယခုနွေရာသီအတွင်း အန်တိုနီဟာ ယူနိုက်တက်နဲ့လမ်းခွဲဖို့ရှိနေတာကြောင့် တန်ဟက်ရဲ့ပြောစကားက ယူနိုက်တက်နဲ့ လေဗာကူဆင်တို့အကြား အန်တိုနီရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အလားအလာကို အစဖော်ပေးသလိုဖြစ်လာစေခဲ့ပါတယ်။ တန်ဟက်ဟာ ယူနိုက်တက်နည်းပြအဖြစ်ခန့်အပ်ခံရပြီးနောက်မှာ အန်တိုနီကို အေဂျက်စ်မှ ပေါင် ၈၆ သန်းနဲ့ခေါ်ယူခဲ့တာကြောင့် သူနဲ့ကစားသမားရဲ့အကြား ဆက်ဆံရေးမှာ အတော်လေးကောင်းမွန်ပုံရပါတယ်။
သို့သော်လည်း အန်တိုနီဟာ ယူနိုက်တက်မှာနေထိုင်ခဲ့တဲ့ ၂ ရာသီခွဲကြာကာလအတွင်း အမြင့်ဆုံးခြေစွမ်းကိုပြသဖို့ရုန်းကန်ခဲ့ရပြီး တန်ဟက်ထုတ်ပယ်ခံရပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီမှာတော့ ရီးရဲလ်ဘက်တစ်သို့အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပါတယ်။ ဘက်တစ်သို့ရောက်ရှိချိန်မှာ အန်တိုနီရဲ့ခြေစွမ်းပိုင်း ပြန်လည်တိုးတက်လာခဲ့ပြီး ဒုတိယရာသီဝက်အတွင်း အသင်းအတွက် ၉ ဂိုးသွင်းကာ၊ ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးသားဟာ ဘက်တစ်ကို ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲသို့တက်ရောက်စေတဲ့အထိလည်း အကူအညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ခြေစွမ်းတိုးတက်လာတဲ့ အန်တိုနီကို ဘက်တစ်ကအပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေသလို၊ ဥရောပတစ်ဝှမ်းမှ ကလပ်အသင်းကြီးတွေကလည်း စောင့်ကြည့်မှုတွေပြုလုပ်လာကြပါတယ်။ လိုက်ပ်ဇစ်၊ ဘရိုက်တန်၊ နယူးကာဆယ်နဲ့ ဘက်တစ်တို့အပါအဝင် ယခုအခါမှာတော့ တန်ဟက်ရဲ့ပြောကြားချက်အရ လေဗာကူဆင်ကပါ အန်တိုနီကိုခေါ်ယူဖို့ စိတ်ဝင်စားနေပုံရပါတယ်။
အန်တိုနီနဲ့ပတ်သက်ပြီး တန်ဟက်က "သူ့မှာ အရည်အသွေးကောင်းတွေရှိပါတယ်။ ကျွန်တော်သူ့ကို ၂ ကြိမ်အထိ ကျွန်တော်ကိုင်တွယ်တဲ့အသင်းတွေမှာခေါ်ယူခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့သူက သားတစ်ယောက်လိုဖြစ်ခဲ့ပြီး အခုလည်းဖြစ်နေတုန်းပါပဲ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ သူ့ကိုခေါ်ယူဖို့ စိတ်မဝင်စားသေးပါဘူး။ ဒါပေမယ့် ဘာတွေဖြစ်မလာမလဲဆိုတာ စောင့်ကြည့်ကြရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
သတင်းတွေအရ ယူနိုက်တက်ဟာ အန်တိုနီကို အသင်းမှအပြီးသတ်ရောင်းချဖို့ ပြင်ဆင်ထားပြီး ကစားသမားရဲ့တန်ကြေးကိုတော့ ပေါင်သန်း ၂၀ မှ ၃၀ ဝန်းကျင်အထိသာ သတ်မှတ်ထားတယ်လို့သိရပါတယ်။ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့အစီအစဉ်တွေမှာမပါဝင်တဲ့ အန်တိုနီအနေနဲ့ ယခုနွေရာသီအတွင်းမှာပဲ အိုးလ်ထရက်ဖို့ဒ်နဲ့လမ်းခွဲမှာဖြစ်လို့ ဘယ်အသင်းကိုပြောင်းရွှေ့သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။