The network connection is lost.

Banner Image

မန်စီးတီးရဲ့ရလဒ်ဆိုးတွေအစား ကိုယ့်အသင်းပေါ်မှာသာ ကိုယ်အာရုံစိုက်ဖို့လိုအပ်တယ်လို့ ပြောကြားလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ကစားသမားတွေအနေနဲ့ မကြာသေးမီကာလတွေမှာ ရုန်းကန်နေရသလို၊ ရလဒ်ဆိုးတွေ့တောက်လျှောက်ကြုံတွေ့နေရတဲ့ မန်စီးတီးရဲ့ အခြေအနေအစား ကိုယ့်အသင်းရဲ့အခြေအနေကိုသာ အာရုံစိုက်ထားဖို့လိုအပ်တယ်လို့ သတိပေးပြောကြားလာခဲ့ပါတယ်။

ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် ၁၀ ပွဲမှာ ၇ ပွဲအထိရှုံးပြီး ၁ ပွဲသာအနိုင်ရထားခဲ့တာကြောင့် အသင်းကြီးတစ်သင်းအနေနဲ့ အတော်လေးရုန်းကန်နေရပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ကို မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရပါမယ်။ ယူနိုက်တက်လည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံးအရေးနိမ့်ထားတာဖြစ်လို့ အမှတ်ပေးဇယားနဲ့ အဆင့် ၁၃ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ယခုအခါမှာ ဖာနန်ဒက်စ်က “မန်စီးတီး ဘယ်လိုအခြေအနေမှာပဲရှိနေနေ ကျွန်တော်တို့အတွက် တစ်စုံတစ်ရာအကျိုးသက်ရောက်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ကိုယ့်အသင်းကိုယ်ပဲ အာရုံစိုက်ထားရမှာမိုလို့ပါ။ ဘာပဲဖြစ်ဖြစ် မန်စီးတီးနဲ့ကစားရမှာဖြစ်လို့ ခက်ခဲမှာတော့သေချာပါတယ်။ ကြီးမားတဲ့ ဒါဘီပွဲစဉ်လည်းဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီပွဲက အများကြီးအဓိပ္ပာယ်ရှိပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ မန်စီးတီး ဘယ်အသင်းကပိုသာနေလဲ တွေးမထားဘဲ အနိုင်ရဖို့ပဲတွေးထားပါတယ်”

"မန်စီးတီးက အသင်းကြီးတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်း အများအပြားပိုင်ဆိုင်ထားပါတယ်။ လောလောဆယ်မှာတော့ လူတွေမျှော်လင့်ထားသလောက် သူတို့ နိုင်ပွဲတွေမရပါဘူး။ ဒါက ကျွန်တော်တို့ ဂရိုစိုက်စရာကော့မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ရပါမယ်။ ကျွန်တော်တို့လုပ်ရမှာ သုတို့ကို နာကျင်စေဖို့နဲ့ အနိုင်ယူဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပေါ်တူဂီလက်ရွေးစင်ကစားသမားက “ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က အီတီဟတ်မှာ မန်စီးတီးကို အနိုင်ယူဖို့မဟုတ်ပါဘူး။ ပွဲစဉ်တိုင်းကို အနိုင်ယူဖို့ပါ။ ကျွန်တော်တို့တိုးတက်ချင်တာ အဲဒါပါပဲ။ အခုပွဲမှာ မန်စီးတီးကို အနိုင်ယူဖို့ကြိုးစားမှာဖြစ်သလို၊ အခြားပွဲတွေမှာလည်း အခြားအသင်းတွေကို အနိုင်ယူဖို့ ကြိုးစားသွားမှာပါပဲ” လို့ ထပ်‌လောင်းပြောကြားခဲ့ပါတယ်။