The network connection is lost.

Banner Image

ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို လီဗာပူးပယ်ချပြီးနောက် သူ့ရဲ့ဆန္ဒကို ထုတ်ပြောလာတဲ့ လူးဝစ်ဒီယက်ဇ်

ဘာစီလိုနာရဲ့ကမ်းလှမ်းမှုတစ်ခုကို ပရီးမီးယားလိဂ်ချန်ပီယံတွေ ပယ်ချလိုက်ပြီးနောက် လူးဝစ်ဒီယက်ဇ်က လီဗာပူးအသင်းမှာ အရမ်းပျော်ရွှင်နေပါတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။၂၀၂၂ ခုနှစ်အတွင်း ပေါ်တိုမှ လက်ငင်းပြောင်းရွှေ့ကြေး ပေါင် ၃၇ ဒဿမ ၅ သန်းဖြင့် ရောက်ရှိလာတဲ့ အသက်-၂၈ နှစ်အရွယ်ကစားသမားက လီဗာပူးရဲ့အခုဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းမှာ ၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှုငါးကြိမ်ပြုလုပ်ရင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

အလားတူ တဖက်မှာလည်း တိုက်စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာအသင်းက ကိုလံဘီယာလက်ရွေးစင်အတွက် အလားအလာရှိနိုင်တဲ့သဘောတူညီမှုတစ်ခုရရှိဖို့ အခုသီတင်းပတ်အတွင်း လီဗာပူးအသင်းဆီ ချိတ်ဆက်လာခဲ့ပါတယ်။ ဘာစီလိုနာအားကစားဒါရိုက်တာဒေကိုက ယူနိုက်တက်မှထွက်ခွာရဖွယ်ရှိတဲ့ မားကပ်ရက်ရှ်ဖို့ဒ်အတွက်လည်း ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးအသင်းကတော့ စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေသေးတဲ့ လူးဝစ်ဒီယက်ဇ်ကို အခုအချိန်မှာ ရောင်းချသွားမယ်ဆိုတဲ့ဆန္ဒမျိုး လုံးဝမရှိနေခဲ့ပါဘူး။

ကြာသပတေးနေ့၊ ကိုလံဘီယာလက်ရွေးစင်အသင်းနဲ့အတူပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူးဝစ်ဒီယက်ဇ်ဆီ အခုနွေရာသီ၊ သူ့ကိုခေါ်ယူနိုင်ဖို့ ဘာစီလိုနာရဲ့ကြိုးပမ်းမှုအကြောင်း မေးမြန်းခဲ့ကြပါတယ်။ ဒီယက်ဇ်က “ လီဗာပူးအသင်းမှာ ရှိနေရလို့ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒါကိုလည်း ကျွန်တော် အမြဲတမ်းပြောခဲ့ပြီးသားပါ။ သူတို့တွေက ကျွန်တော့်အပေါ် လှိုက်လှိုက်လှဲလှဲကြိုဆိုကြပါတယ်။ ကျွန်တော်တို့က အခြားကလပ်အသင်းတွေနဲ့လည်း စကားပြောနေတာတွေရှိတော့ အခုအချိန်မှာ လီဗာပူးနဲ့ ထိတွေ့ဆက်ဆံရတာတွေ ရှိပါတယ်။ ဒါက သာမန်အခြေအနေပါပဲ။

အပြောင်းအရွှေ့ဈေးကွက်လည်း ဖွင့်နေပြီဆိုတော့ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အရာကို စီမံသွားနိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။ လီဗာပူးနဲ့စာချုပ်သက်တမ်းတိုးနိုင်မယ့်အလားအလာအကြောင်း မေးမြန်းရာမှာ ဒီယက်ဇ်က “ ကျွန်တော် ပြောခဲ့သလိုပါပဲ။ စာချုပ်သစ်အတွက် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် စောင့်ဆိုင်းနေပါတယ်။ လီဗာပူးဘက်က ကျွန်တော်တို့အတွက် စာချုပ်သစ်ပေးတာပဲဖြစ်ဖြစ်၊ လက်ကျန်နှစ်နှစ်တာကာလအတွက် ကစားပေးရတာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပျော်ရွှင်ကျေနပ်မိပါလိမ့်မယ်။

ဒီကိစ္စတွေအကုန်လုံးက အသင်းအပေါ်မှာပဲ မူတည်တာပါ။ ကျွန်တော်ကတော့ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အရာ ဘာလဲဆိုတာကိုကြည့်ပြီး ဆုံးဖြတ်ချက်ချသွားပါမယ်”လို့ ဖြေကြားပါတယ်။