The network connection is lost.

Banner Image

လာမယ့်မတ်လကုန်အထိ အနားယူရဖွယ်ရှိတဲ့ လီဗာပူးဂိုးသမားအလီဆင်

လီဗာပူးဂိုးသမား အလီဆင်က အနည်းဆုံး လာမယ့်မတ်လကုန်ပိုင်းအထိ အနားယူရနိုင်တယ်လို့ ဘရာဇီးလက်ရွေးစင်အသင်းနည်းပြရဲ့အဆိုအရ သိရပါတယ်။
 
ယာဂန်ကလော့ပ်ကတော့ ဘရာဇီးလက်ရွေးစင်ဂိုးသမားဟာ ဘရန့်ဖို့ဒ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ပြီးနောက် လူတန်နဲ့ရင်ဆိုင်ရမယ့် ဗုဒ္ဓဟူးညပိုင်းပွဲစဉ်မတိုင်ခင် ကြိုတင်တွက်ချက်ထားနိုင်တဲ့ ကာလအတိုင်းအတာ တစ်ခုအထိ အနားယူသွားရလိမ့်မယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ဒါကြောင့် အလီဆင်က အခုသီတင်းပတ်ကုန်၊ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလား ဗိုလ်လုပွဲကို လွဲချော်ရဖို့ ရှိနေပြီး သူ့နေရာမှာ ကလယ်ဟာက ပါဝင်ကစားပေးပါလိမ့်မယ်။
 
ဘရာဇီးနည်းပြဒွန်ရီဗယ်လ်ဂျူနီယာကတော့ လီဗာပူးရဲ့ ပွဲထွက်ဂိုးသမားဟာ အနည်းဆုံးလာမယ့်မတ်လကုန်ပိုင်းအထိ အနားယူရလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ TNT Sports နဲ့ အင်တာဗျူးအစီအစဉ်မှာ ဒွန်ရီဗယ်လ်ဂျူနီယာက အလီဆင်ဟာ မတ် ၂၃ ရက်မှာ အင်္ဂလန်၊ နောက်သုံးရက်အကြာမှာ စပိန်တို့နဲ့ရင်ဆိုင်ရမယ့် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ခြေစမ်းပွဲစဉ်တွေအမီ သက်သာလာဖို့ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
 
ဒါ့အပြင် သူက ဝုဗ်စတား ကွန်ဟာနဲ့ ဘရိုက်တန်ရဲ့ ဂျာအိုပက်ဒရိုတို့လည်း ဒီပွဲစဉ်တွေကို လွဲချော်သွားမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ အခုလိုနိုင်ငံ့ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေမှုက အလီဆင်ဟာ လီဗာပူးအသင်းရဲ့ ပြိုင်ပွဲအရပ်ရပ် အလွန်အရေးကြီးတဲ့ပွဲစဉ်အချို့ကို လွဲချော်သွားမယ်လို့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။
 
ပရီးမီးယားလိဂ်မှာဆိုရင်လည်း လီဗာပူးက မတ်လ နိုင်ငံတကာသီတင်းပတ်မတိုင်ခင် နော်တင်ဟမ်ဖောရက်စ်၊ အမှတ်ပေးချန်ပီယံဆုပြိုင်ဘက် မန်စီးတီးနဲ့ ဂူဒီဆင်ပတ်ခ်မာဆေးဆိုဒ်ဒါဘီ ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့ သတ်မှတ်ပေးထားပါတယ်။ ဒါ့အပြင် မတ်လနိုင်ငံတကာသီတင်းပတ်အပြီး ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် ပထမဆုံးပွဲစဉ်မှာလည်း အလီဆင်ပြန်လာနိုင်မလားဆိုတာ ရေရေရာရာ မသိရသေးပါဘူး။
 
လတ်တလောမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ပြီး အမြင့်ပျံသန်းနေတဲ့ လီဗာပူးကို သူတို့ရဲ့ဒဏ်ရာပြဿနာတွေက ခြိမ်းခြောက်လျက်ရှိပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် တံကောက်ကြောပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မိုဆာလက်က လီဗာပူးအတွက် ဒဏ်ရာပြဿနာနောက်ဆုံးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။
 
ကာတစ်ဂျုံးစ်၊ ဂျိုတာနဲ့ ဒါဝင်နူနက်ဇ်တို့လည်း ဘရန့်ဖို့ဒ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဒဏ်ရာနဲ့အတူ ထွက်ခွာလာခဲ့ရပါတယ်။ အသင်းဒု-ကပ္ပတိန်အာနိုးလ်၊ ဆိုဘိုဆလိုင်း အပါအဝင် စီနီယာကစားသမား ၁၀ ဦးလောက်က လူတန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို လွဲချော်သွားနိုင်ပါတယ်။