
ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းသုံးခုရဲ့ငွေသုံးကြမ်းမှုအပေါ် အမြင်ကိုထုတ်ပြောလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က ဟာလန်းကို ဆယ်စုနှစ်တစ်ခုစာ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ မန်စီးတီးနဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းသုံးခုကို ပစ်မှတ်ထားကာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းမှာ ဟာလန်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးတွေထွက်ပေါ်ခဲ့ပြီး လပိုင်းအကြာမှာပဲ အင်္ဂလန်ချန်ပီယံတွေက တစ်ပတ်ပေါင်ငါးသိန်းနီးပါးတန်ဖိုးရှိမယ့် လုပ်ခလစာနဲ့အတူ နော်ဝေသားအတွက် ဆယ်စုနှစ်တစ်ခုစာသက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပါတယ်။ အခုလိုငွေသုံးစွဲမှုနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောပြပေးဖို့ အန်းစလော့ဆီ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မေးမြန်းလာခဲ့ပါတယ်။
အန်းစလော့က “ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့ နေ့စဉ်နေ့တိုင်း ဘယ်လောက်အထိ တိုးတက်ကောင်းမွန်နေရမလဲဆိုတာကို ကျွန်တော်တို့ သိထားကြပါတယ်။ ပြောရမယ်ဆိုရင် မန်စီးတီးအသင်းတစ်ခုတည်းတောင် မဟုတ်ပါဘူး။ ချဲလ်ဆီးဆိုရင်လည်း ပေါင် ၁ ဒဿမ ၂ ဘီလျံအထိ သုံးစွဲခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း အံ့မခန်းလောက်စရာပမာဏတစ်ခုအထိ သုံးစွဲခဲ့ပါတယ်။
ဒီနိုင်ငံမှာ ကလပ်အသင်းအတိုင်းက ငွေတွေ အများကြီးသုံးစွဲပါတယ်။ ဒါကြောင့်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်နေတာပါ။ အချို့ဘောလုံးရာသီတွေမှာဆိုရင် လီဗာပူးအသင်းလည်း နည်းနည်းတော့ ငွေသုံးစွဲပါတယ်။ တခြားဘောလုံးရာသီမှာ တခြားကလပ်အသင်းတွေ ငွေအနည်းအကျဉ်းတော့သုံးစွဲပါတယ်။
အဲ့ဒါကြောင့် ဒီလိဂ်ပြိုင်ပွဲက ပြိုင်ဆိုင်မှုအရမ်းပြင်းထန်ပြီး အနိုင်ရရှိဖို့လည်း ခက်ခဲလာပါတယ်။ ဒါပေမယ့်လည်း ဒီလိုအကြောင်းရင်းနဲ့အတူ ကျွန်တော်တို့က အကောင်းတကာ့အကောင်းဆုံးပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ချင်လို့ ဒီလိဂ်ပြိုင်ပွဲဆီ ရောက်ရှိလာချင်ကြတာပါ။ ကျွန်တော်တို့ကတော့ လက်ရှိကျွန်တော်တို့မှာရှိနေတဲ့ အသင်းလူစာရင်းကို အားရကျေနပ်မိပါတယ်။ ကျွန်တော်တို့က မယုံကြည်နိုင်လောက်အောင် ငွေသုံးစွဲထားတဲ့ အခုလိုပြိုင်ဘက်အသင်းအားလုံးနဲ့ ပြိုင်ဆိုင်နိုင်ဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။
အန်းစလော့ရှင်းပြခဲ့သလိုပဲ ၂၀၁၆ ခုနှစ်၊ အီတီဟတ်ဆီ ပက်ဂွါဒီယိုလာရောက်ရှိလာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး၊ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့က ငွေသုံးစွဲမှုအမြင့်မားဆုံး ကလပ်အသင်းသုံးခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ချဲလ်ဆီးက ပေါင် ၂ ဒဿမ ၀၅ ဘီလျံအထိ သုံးစွဲခဲ့သလို မန်ချက်စတာအခြေစိုက်ကလပ်အသင်းနှစ်ခုကလည်း ပေါင် ၁ ဒဿမ ၅ ဘီလျံဝန်းကျင် သုံးစွဲခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ ပေါင်သန်း ၉၄၀ နဲ့အတူ Big 6 မှာ ငွေသုံးစွဲမှုအနည်းဆုံးကလပ်အသင်း ဖြစ်ခဲ့ပါတယ်။
အန်းစလော့ဦးဆောင်နေတဲ့ လီဗာပူးအသင်းက နွေရာသီကာလအတွင်း ငွေသုံးစွဲမှုနည်းပါးခဲ့ပေမယ့် မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းရဲ့အစောပိုင်းကာလကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မန်စီးတီးအသင်းလည်း ချန်ပီယံပြေးလမ်းနဲ့ အနည်းငယ်ဝေးကွာသွားခဲ့ပါတယ်။ အန်းစလော့အသင်းက လတ်တလောသီတင်းပတ်တွေအတွင်း အနည်းငယ်ခြေချော်ခဲ့ပေမယ့် ဒီည၊ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ တိုးတက်မှုအချို့ကို မြင်တွေ့သွားရဖို့ မျှော်လင့်နေပါလိမ့်မယ်။