The network connection is lost.

Banner Image

အားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝါ့ဒ်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လီဗာပူး

လီဗာပူးအသင်းက အသင်းရဲ့အားကစားဒါရိုက်တာဟောင်းမိုက်ကယ်အက်ဒ်ဝါ့ဒ်ကို ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် အခွင့်အလမ်းတစ်ခုရရှိနိုင်ရန် စောင့်ကြည့်နေပါတယ်။
 
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ရှမတ်တီကီ ထွက်ခွာသွားပြီးနောက် အန်ဖီးလ်ရဲ့အားကစားဒါရိုက်တာနေရာ လစ်လပ်နေသလို နည်းပြ ယာဂန်ကလော့ပ်ကလည်း အခုဘောလုံးရာသီကုန်မှာ အသင်းမှ ထွက်ခွာဖို့ ရှိနေပြန်ပါတယ်။ အက်ဒ်ဝါ့ဒ်က ၂၀၁၁ ခုနှစ်မှာ လီဗာပူးဆီ ဆက်သွယ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အားကစားဒါရိုက်တာ ဖြစ်လာခဲ့ကာ ၂၀၂၂ ခုနှစ် နွေရာသီမှာတော့ အသင်းမှထွက်ခွာသွားခဲ့ပါတယ်။
 
သူက အန်ဖီးလ်ကလပ်ဆီ ပြန်လာနိုင်မယ့် အခွင့်အရေးတစ်ခုကို အစောပိုင်းမှာ ပယ်ချခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG က အက်ဒ်ဝါ့ဒ်ရဲ့အရည်အချင်းကို အလွန်ကြိုက်နှစ်သက်ပြီး သူ့ကို ပြန်ခေါ်နိုင်မယ့် အခွင့်အလမ်းတစ်ခုကို စူးစမ်းလေ့လာနေပါတယ်။
 
အက်ဒ်ဝါ့ဒ်က လီဗာပူး အားကစားဒါရိုက်တာရာထူးတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ဂိုးသမားအလီဆင်၊ နောက်ခံလူဗန်ဒိုက်နဲ့ တိုက်စစ်မှူးမိုဆာလက်အပါအဝင် လက်ရှိအသင်းရဲ့ အဓိက ကစားသမားအများစုကို ခေါ်ယူပေးခဲ့သူ ဖြစ်ပါတယ်။
 
မာဆေးဆိုဒ်ဒေသမှ ထွက်ခွာသွားပြီးနောက် အက်ဒ်ဝါ့ဒ်ဆီ ကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် ကာယကံရှင်ကိုယ်တိုင်ကတော့ Ludonautics ကုမ္ပဏီအတွက် အကြံပေးတစ်ဦးအဖြစ် တာဝန်ယူဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ Ludonautics ကုမ္ပဏီက လီဗာပူး အသင်းမှာ ၂၀၁၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သုသေတနဒါရိုက်တာရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အီယန်ဂရေဟမ်တည်ထောင်ထားတဲ့ အားကစားအကြံပေးလုပ်ငန်းစုပဲ ဖြစ်ပါတယ်။
 
၂၀၂၅ ခုနှစ်၊ နွေရာသီမှာ အာနိုးလ်၊ ဗန်ဒိုက်၊ မိုဆာလက်တို့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေလို့ လီဗာပူးဟာ အားကစားဒါရိုက်တာတစ်ဦး အလျှင်အမြန်ခန့်အပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။