The network connection is lost.

Banner Image

ချဲလ်ဆီးသို့မပြောင်းခင် ပယ်လ်မာနဲ့တိုင်ပင်ခဲ့သလဲ ဖွင့်ဟလာတဲ့ ဒီလပ်

ယခုနွေရာသီအတွင်း အစ်ဆွစ်ချ်မှ ချဲလ်ဆီးသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး လီယမ်ဒီလပ်က စတန်းဖို့ဒ်ဘရစ်ချ်သို့မပြောင်းမီ ချဲလ်ဆီးကွင်းလယ်လူ ကိုးလ်ပယ်လ်မာနဲ့ ဘာတွေပြောခဲ့ကြသလဲဆိုတာ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဒီလပ်ဟာ အစ်ဆွစ်ချ်အတွက် ပရီးမီးယားလိဂ် ၃၇ ပွဲကစားခဲ့ပြီး ၁၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် အသင်းက ချန်ပီယံရှစ်သို့ပြန်လည်တန်းဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ဒီလပ်အနေနဲ့ ကစားသမားဘဝရှေ့ရေးအတွက် ချဲလ်ဆီးနဲ့ချိတ်ဆက်ဖို့ဆုံးဖြတ်ခဲ့ရပြီး ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ နဲ့ စတန်းဖို့ဒ်ဘရစ်သို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ မန်ချက်စတာစီးတီးရဲ့ လူငယ်အကယ်ဒမီမှာနေထိုင်ခဲ့သူဖြစ်ပြီး ပယ်လ်မာနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ ပယ်လ်မာကတော့ ၂၀၂၃ ခုနှစ်မှာ မန်စီးတီးကနေထွက်ခွာကာ ချဲလ်ဆီးသို့ပေါင်သန်း ၄၀ နဲ့ပြောင်းရွှေ့ခဲ့ပြီး ယခုအခါမှာ ဒီလပ်ကလည်း ပယ်လ်မာရဲ့ခြေရာအတိုင်း ချဲလ်ဆီးသို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ဒီလပ်က "အသင်းသစ်ကိုပြောင်းရွှေ့တာက ကျွန်တော့်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်မလားဆိုတာ ကြိုသိရတဲ့အရာမဟုတ်ပါဘူး။ ဒီလိုနေရာကိုလာဖို့ သတ္တိနဲ့ မျှော်လင့်ချက်ကိုပဲ အားကိုးခဲ့ရပါတယ်။ ကျွန်တော် ဒီဆုံးဖြတ်ချက်ကိုချဖို့ အချိန်နည်းနည်းယူခဲ့ရပြီး ရက်အနည်းငယ်လောက် ဘယ်သူနဲ့မှစကားမပြောဘဲ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်"

"ကျွန်တော်မေးဖို့လိုအပ်တာတွေကို ပယ်လ်မာကိုမေးခဲ့ပြီး သူကလည်း ကျွန်တော်သိဖို့လိုတာတွေပြောပြပေးခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်ကပဲ ဆုံးဖြတ်ရမှာဆိုတော့ ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဒီလပ်က ပယ်လ်မာလိုပဲ သူ့အနေနဲ့လည်း ချဲလ်ဆီးမှာအောင်မြင်တဲ့ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လိုကြောင်းပြောကြားခဲ့ပါတယ်။ အင်္ဂလန်သားက "ကျွန်တော့်ရဲ့ပန်းတိုင်က ဒီမှာအောင်မြင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာဖို့ပါ။ ကျွန်တော်နဲ့ ပယ်လ်မာက တူညီတဲ့အခြေအနေမှာရှိခဲ့ပေမယ့် သူက ကျွန်တော့်ကိုကျော်ပြီး ဒီမှာအောင်မြင်မှုတွေရနေလို့ ကျွန်တော်လည်း သူ့လိုဖြစ်လာမယ်လို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဒီလပ်ဟာ မန်စီးတီးမှာလက်ထောက်နည်းပြလုပ်ခဲ့တဲ့ မာရက်စ်ကာနဲ့ပြန်လည်လက်တွဲသွားရမှာဖြစ်လို့ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး အခက်အခဲမရှိဘူးလို့ဆိုပါတယ်။ ဒီလပ်က "ကျွန်တော် မာရက်စ်ကာနဲ့ အရင်ကတည်းက ဆက်ဆံခဲ့ဖူးတယ်။ သူဘယ်လိုပုံစံလိုချင်တယ်၊ ဘယ်လိုနည်းစနစ်နဲ့ကစားချင်တယ်ဆိုတာတွေ ကျွန်တော်သိပါတယ်။ အရင်တုန်းကပုံစံနဲ့ တူတော့တူနေသေးပေမယ့် ပြောင်းလဲမှုတွေလည်းရှိပါတယ်။ ကျွန်တော်ဒီက ကစားသမားတွေနဲ့အရင်ကတည်းကသိထားပြီး ကလပ်ရဲ့ပရောဂျက်ကိုလည်း အရမ်းသဘောကျပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဒီလပ်ဟာ ချဲလ်ဆီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်နေပြီး လော့စ်အိန်ဂျလိစ်ကိုအနိုင်ရခဲ့တဲ့ အဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို၊ ဖလာမင်ဂိုကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ပွဲထွက်ပါဝင်ခွင့်ရထားခဲ့ပါတယ်။