The network connection is lost.

Banner Image

ယူနိုက်တက်ကိုငြင်းပယ်ပြီး ချဲလ်ဆီးကိုဘာကြောင့်ရွေးချယ်ခဲ့သလဲ ရှင်းပြလာတဲ့ ဒီလပ်

အစ်ဆွစ်ချ်တောင်းတိုက်စစ်မှူး လီယမ်ဒီလပ်က သူဟာ မန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ ဘာကြောင့်ရွေးချယ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ဟာ ဒီလပ်ကိုခေါ်ယူဖို့ အပြိုင်ကြိုးစားခဲ့ကြပြီး ယခုအခါမှာတော့ ကစားသမားဟာ ချဲလ်ဆီးကိုသာ ရွေးချယ်ခဲ့လို့ မကြာမီမှာပဲ လန်ဒန်သို့ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးနဲ့ ၆ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမှာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ စတန်းဖို့ဒ်ဘရစ်ချ်မှာနေထိုင်သွားမှာဖြစ်ပါတယ်။ 
မန်ချက်စတာစီးတီးလူငယ်ကစားသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဒီလပ်က သူ့အနေနဲ့ ချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့ခြင်းမှာ ဆုဖလားကြီးတွေကို စိန်ခေါ်နိုင်ဖို့ဖြစ်တယ်လို့ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ အင်္ဂလန်သားက "ကျွန်တော်ချဲလ်ဆီးကိုပြောင်းခဲ့တာ ဆုဖလားအောင်မြင်မှုရယူဖို့ပါ။ ကျွန်တော် ဒီအသင်းကလူတွေနဲ့စကားပြောကြည့်တော့ အားလုံးက ထိပ်ဆုံးနေရာကိုပြန်သွားနိုင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ ပြီးတော့ ဒီအသင်းရဲ့ကစားသမားတွေကလည်း အရည်အသွေးပြည့်မီပါတယ်။ နိုင်ပွဲဆာလောင်စိတ်နဲ့ စိတ်အားထက်သန်မှုတွေက ဆုဖလားတွေ ရရှိစေမယ်လို့မျှော်လင့်ပါတယ်။ ကလပ်နဲ့ထိုက်တန်တဲ့နေရာကိုပြန်ပို့ပေးနိုင်ဖို့ အဓိကကြိုးစားသွားပါမယ်"

"ချဲလ်ဆီးရဲ့ ပုံရိပ်ကြီးမားမှုနဲ့ အလားအလာဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ပြီးတော့ ဒါတွေက ကလပ်ရဲ့ကစားသမားတွေနဲ့ နည်းပြအပေါ်မှာမူတည်နေပါတယ်။ ဒီနေရာက ကျွန်တော့်ကို တိုးတက်အောင်ပြုလုပ်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်ကလည်း အသင်းအတွက် ဆုဖလားအောင်မြင်မှုတွေရရှိဖို့ အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဒီလပ်ဟာ အစ်ဆွစ်ချ်အတွက် ပရီးမီးယားလိဂ် ၃၇ ပွဲကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကစားသမားဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ချဲလ်ဆီးနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပြီး ဇွန် ၁၆ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်အက်ဖ်စီနဲ့ စတင်ကစားသွားရပါမယ်။