The network connection is lost.

Banner Image

လီဗာပူးရဲ့စိတ်ဝင်စားမှု ရရှိထားပေမဲ့ အာဆင်နယ်ကိုသာ ရွေးချယ်ဖို့ တိုက်တွန်းချက်တွေ ရရှိထားတဲ့ ဘာကိုလာ

လီဗာပူးအသင်းရဲ့စိတ်ဝင်စားမှု ရရှိထားပေမဲ့ အာဆင်နယ်အသင်းဆီသာ ပီအက်စ်ဂျီတောင်ပံကစားသမားဘာကိုလာ ပြောင်းရွှေ့သင့်တယ်ဆိုတဲ့ တိုက်တွန်းပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

လီဗာပူးကတော့ အခုနွေရာသီ၊ အသင်းမှထွက်ခွာသွားတဲ့ မိုဆာလက်ရဲ့နေရာကို အစားထိုးနိုင်မယ့်ကစားသမား မရှာနိုင်သေးသလို နည်းပြအီရာအိုလာကိုယ်တိုင်လည်း အမေရိကန်ရာသီကြိုခရီးစဉ်မတိုင်ခင် ဘာကိုလိုကို ခေါ်ယူနိုင်ဖို့ လိုလားနေပါတယ်။

ဒီပြင်သစ်လက်ရွေးစင်ကစားသမားကို အာဆင်နယ်လည်း အလိုရှိနေပါတယ်။ အာဆင်နယ်က အခုသီတင်းပတ်အတွင်း ချဲလ်ဆီးဆီ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၁၇ သန်းဖြင့် ရောက်ရှိသွားတဲ့ မော်ဂန်ရိုဂျာစ်ကိုလည်း လက်လွှတ်ထားရပါတယ်။

အခုဆိုရင် လီဗာပူးနဲ့ အာဆင်နယ်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အတွက် ရှစ်ပွဲကစား၊ သုံးဂိုးသွင်းယူကာ ခြေစွမ်းပြသခဲ့တဲ့ ပေါင်သန်း ၁၀၀ ဝန်းကျင်တန်ကြေးရှိ ဘာကိုလာအတွက် ထိပ်တိုက်ရင်ဆိုင်သွားရပါတော့မယ်။

အာဆင်နယ်နောက်ခံလူဟောင်းဆီဗစ်စတာကတော့ talkSPORT Bet နဲ့ အင်တာဗျူးမှာ လီဗာပူးရဲ့ကမ်းလှမ်းမှုကို လျစ်လျူရှုပြီး မြောက်လန်ဒန်ကလပ်အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ဘာကိုလာကိုယ်တိုင် အလေးအနက်စဉ်းစားသင့်တယ်လို့ ပြောခဲ့ပါတယ်။

"ဒါက ကစားသမားအတွက်ရော၊ ကလပ်အသင်းအတွက်ပါ အသင့်တော်ဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် စွမ်းဆောင်ခဲ့မှုတွေအပြင် ဘာကိုလာရဲ့အသက်အရွယ်အရ ကြည့်မယ်ဆိုရင်လည်း အာဆင်နယ်တည်ဆောက်နေတဲ့ စီမံကိန်းနဲ့ အံဝင်ခွင်ကျ ဖြစ်နေပါတယ်။ ချန်ပီယံဆုကို ကာကွယ်ဖို့နဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်ကို သူပြောင်းမယ်ဆိုရင်တော့ ကျွန်တော့်ဘက်က ရာနှုန်းပြည့် ထောက်ခံပါတယ်" လို့ သူက ဆိုပါတယ်။

နာမည်ကျော်သတင်းထောက်ဒေးဗစ်အွန်စတိန်းကတော့ မန်စီးတီးဆီ ပေါင် ၁၁၆ သန်းဖြင့် ရောက်ရှိသွားတဲ့ အန်ဒါဆန်ရဲ့ပြောင်းရွှေ့ကြေးကို ဘာကိုလာရဲ့အပြောင်းအရွှေ့အတွက် စံသတ်မှတ်ချက်ဖြစ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောထားပါတယ်။ ဒါကြောင့် အာဆင်နယ်က ဘာကိုလာကိုခေါ်ယူမယ်ဆိုရင် အသင်းအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ် ထပ်မံပေးချေသွားရနိုင်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ဒီကလန်ရိုက်စ်ကို ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူမှုက အာဆင်နယ်ရဲ့အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ပေမဲ့ အခုဘာကိုလာရဲ့အပြောင်းအရွှေ့ အမှန်တကယ်ဖြစ်ပေါ်လာဖို့ဆိုရင် အဲ့ဒီနှုန်းထားထက် ပေါင် ၁၅ သန်းလောက် ပိုမိုကုန်ကျသွားနိုင်ပါတယ်။