လီဗာပူးကစားသမားရဲ့ဟန်ဆောင်လှဲချမှုကို ဒိုင်လူကြီးတွေမျှော်လင့်နေပုံရတယ်လို့ ဆိုဘိုဆလိုင်း ပြောကြား
လီဗာပူးကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း သူတို့အသင်းအတွက် ပယ်နယ်တီမရရှိခဲ့မှုအပေါ် စိတ်ပျက်ဒေါသထွက်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အာဆင်နယ်ဂိုးဧရိယာအတွင်းဆီ ဘာကိုလာရဲ့ဖြတ်တင်ဘောပေးပို့မှုကို အီဆက်ခေါင်းတိုက်သွင်းယူဖို့ ကြိုးစားရာ တင်ဘာက နောက်မှဆွဲထားခဲ့လို့ ဘောလုံးဆီမရောက်ရှိခဲ့ပါဘူး။
ကွင်းလယ်ဒိုင်အန်ဒီမက်ဒ်လေကတော့ ဒီထိတွေ့မှုမှာ ဂန်းနားတို့ကို ပြစ်ဒဏ်ပေးရလောက်အောင်အထိ မလုံလောက်ဘူးလို့ ယူဆကာ လီဗာပူးအတွက် ပင်နယ်တီ မသတ်မှတ်ပေးခဲ့သလို VAR ဒိုင်လူကြီးစတူးဝပ်အက်ဝဲလ်ရဲ့ကြားဝင်ဆောင်ရွက်မှု မရှိခဲ့ပါဘူး။
ဒါက အာဆင်နယ်ရဲ့သမိုင်းဝင်နိုင်ပွဲအပေါ် အရိပ်မိုးသွားစေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပြီး အီရာအိုလာကိုယ်တိုင်လည်း ပင်နယ်တီရရှိဖို့ဆိုရင် သူ့ရဲ့ကစားသမားတွေ ဟန်ဆောင်လှဲချဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့သလို ကာရေဂါကလည်း "VAR ရေ မင်းတို့အလုပ် မင်းတို့ လုပ်ကြပါ" လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒီအငြင်းပွားမှုနဲ့ပတ်သက်လို့ ဆိုဘိုဆလိုင်းက လက်ရှိအမှတ်ပေးဇယားပဉ္စမနေရာရောက်ရှိနေတဲ့ သူတို့အသင်းအတွက် စစ်မှန်တဲ့ ပင်နယ်တီအခွင့်အရေးတစ်ရပ် ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဆိုဘိုဆလိုင်းက "ဒါ ပင်နယ်တီပါပဲ။ ဒိုင်တွေက ကျွန်တော်တို့ဆီမှ ဘယ်လိုအရာမျိုးကို မျှော်လင့်နေကြလဲ မသိပါဘူး၊ ဟန်ဆောင်လှဲချပြတာမျိုးလားပေါ့"
"ကျွန်တော်တို့က အဲဒီလိုလုပ်တတ်တဲ့ အသင်းမျိုး သို့မဟုတ် ကစားသမားမျိုးတွေ မဟုတ်ဘူးလို့ ထင်ပေမဲ့ အခုတော့ ကျွန်တော်တို့ အဲဒီလိုလုပ်ရတော့မယ့်ပုံပါပဲ။ အကယ်၍ အီဆက်သာ မြေပေါ်လဲကျသွားခဲ့ရင် ဒါက ပင်နယ်တီတစ်ခု ရှင်းရှင်းလင်းလင်း ဖြစ်သွားပါလိမ့်မယ်။ တင်ဘာက ဘောလုံးကို အမှန်တကယ် စိတ်မဝင်စားခဲ့သလို သူသာ အီဆက်ကို ဆွဲမထားရင် အီဆက် ခေါင်းတိုက်ဂိုးသွင်းယူနိုင်ပါလိမ့်မယ်"
"ကျွန်တော်တို့အတွက် ပင်နယ်တီတစ်လုံး နစ်နာသွားခဲ့ပြီး ဒါ ကြီးမားတဲ့ ကွာခြားချက်တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့သာ ဒီပွဲမှာ ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ရင် အန်းဖီးလ်အကြောင်းနဲ့ ကျွန်တော်တို့ရဲ့အရည်အသွေးကိုလည်း ခင်ဗျားတို့လည်း သိကြပါတယ်။ အာဆင်နယ်ကို အသင်းကြီးတစ်ခုဖြစ်နေဆဲပဲဆိုတာ ကျွန်တော် သိထားပေမဲ့ သူတို့အတွက် ပွဲစဉ်ဆီပြန်ရောက်လာဖို့ မလွယ်ကူတော့ပါဘူး"
"ဒါက ကျွန်တော်တို့ကစားတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ 'အော်... ငါ့ကို တစ်ယောက်ယောက် လာထိတဲ့အထိ စောင့်ပြီးမှ လဲကျပြလိုက်မယ်' ဆိုတဲ့ အတွေးမျိုး ဒီအချိန်မှာ စဉ်းစားလို့ရမယ် မထင်ပါဘူး"
"ဒီရှုထောင့်အရကြည့်မယ်ဆိုရင် အခွင့်အလမ်းတစ်ခု ဖန်တီးခဲ့မှုဖြစ်ပြီး ပင်နယ်တီ ရရှိပါလိမ့်မယ်။ လူတိုင်းမှာ ဒါကို မတူညီတဲ့ပုံစံနဲ့ ရှုမြင်ကြပေမဲ့ ဒီဖြစ်ရပ်ကိုတော့ တခြားပုံစံနဲ့ မြင်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး" လို့ ပြောပါတယ်။
အာဆင်နယ်ဂန္ထဝင်အီယန်ရိုက်ကလည်း VAR ရဲ့ဆုံးဖြတ်ချက် မှားယွင်းတယ်ဆိုတာကို သဘောတူခဲ့ပြီး ပင်နယ်တီပေးခဲ့ရင်တောင် ကန့်ကွက်ပြောဆိုစရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။