The network connection is lost.

Banner Image

အီရာအိုလာလက်ထက် အစကောင်းနေပေမဲ့ လီဗာပူးမှာ ပျောက်ဆုံးနေတဲ့အရာကို ဂျရတ် ထောက်ပြလာ

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်က အန်ဒိုနီအီရာအိုလာရဲ့လက်အောက်မှာ ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ကောင်းကွက်၊ ဆိုးကွက် ရောထွေးနေတဲ့ သုံးသပ်ချက်တစ်ခုကို ပြောကြားလိုက်ပါတယ်။

စပိန်လူမျိုးနည်းပြက ပြီးခဲ့တဲ့နွေရာသီအတွင်း ဗစ်တာမူနော့ဇ်နဲ့ ဘာကိုလာတို့ကို ခေါ်ယူဖို့ ငွေကြေးအမြောက်အမြား အသုံးပြုခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားခဲ့ရာမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။

ဂျရတ်ကတော့ ဒဏ်ရာရလွယ်တဲ့ တိုက်စစ်မှူးအီဆက်နဲ့ပတ်သက်လို့ လာမယ့်လတွေအတွင်း ထိပ်တန်းခြေစွမ်းဆီ ရောက်ရှိလာမယ်လို့ ယုံကြည်ထောက်ခံထားသလို ဘာကိုလာရဲ့အစောပိုင်းအကျိုးသက်ရောက်မှုအပေါ် ချီးကျူးခဲ့ပေမဲ့ နောက်ဆုံးငါးပွဲမှာ Clean sheet တစ်ကြိမ်သာ ရရှိထားတဲ့ လီဗာပူးရဲ့ခံစစ်ပိုင်းကြံ့ကြံ့ခံနိုင်စွမ်းအပေါ် စိုးရိမ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

The Overlap Daily အစီအစဉ်မှာ ဂျရတ်က "ဒီအသင်းအတွက် အီဆက် ကြံ့ခိုင်မှုပြည့်ဝနေဖို့၊ ပွဲကစားနိုင်ဖို့နဲ့ ပွဲဆက်ကစားနိုင်လောက်အောင် ကြံ့ခိုင်သန်စွမ်းဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ပရီးမီးယားလိဂ်ရဲ့သွင်းဂိုးမုဆိုးတစ်ဦး ဖြစ်နေလို့ပါပဲ" လို့ ပြောပါတယ်။

"ဘာကိုလာက အရမ်းမြန်ဆန်သွက်လက်ပုံရပြီး ကစားခွင့်မိနစ်တွေ ရရှိလာတာနဲ့အမျှ အခုဆိုရင် ပွဲကစားဖို့ အပြည့်အဝ အံဝင်နေပုံရပါတယ်။ သူက ပွဲကစားချိန်မရရှိခဲ့တဲ့ ရာသီကြိုကာလအပြီးမှာ ရောက်ရှိလာခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ ရက် သို့မဟုတ် နှစ်ပတ်အတွင်း ဘာကိုလာလည်း အံ့ဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပြီး အရှိန်ရလာခဲ့ပါပြီ။ သူတို့တွေ ဘယ်လိုကစားသမားမျိုးကို ခေါ်ယူခဲ့သလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့နိုင်ပါပြီ"

"အခုစိန်ခေါ်မှုကတော့ အသင်းရဲ့ခံစစ်ပိုင်း အကောင်းဆုံးဖြစ်နိုင်မလား ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် ပေးဂိုးတွေ အရမ်းများလွန်းနေလို့ပါ။ မက်အယ်လစ္စတာလည်း ထိပ်တန်းခြေစွမ်းဆီ ပြန်ရောက်လာပြီ၊ ဂရာဗန်ဘတ်ချ်လည်း အသင်းဆီ ပြန်ရောက်လာပါပြီ။ ဆိုဘိုဆလိုင်းသာ ပါဝင်လာမယ်ဆိုရင် သူတို့အားလုံး ကြံ့ခိုင်မှုပြည့်၀ပြီး ကစားနိုင်ချိန်မှာ ဒါက အလွန်တောင့်တင်းတဲ့ ကွင်းလယ်အင်အားစုတစ်ခု ဖြစ်လာပါလိမ့်မယ်"

"ရှေ့ဆက်သွားမယ့်ခရီးမှာ အီရာအိုလာ သဘောမတူချင် မတူနိုင်သလို လီဗာပူးပရိသတ်တချို့လည်း သဘောမတူနိုင်ပေမဲ့ လီဗာပူးအတွက် ကွင်းလယ်ဗဟိုမှာ တကယ့်ကို အင်အားတောင့်တင်းတဲ့ ကွင်းလယ်အဖျက်ကစားသမားကောင်းတစ်ဦး လိုအပ်နေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဥပမာ ဖာဘင်ဟို သို့မဟုတ် ဒီဒီယာဟားမန်းလိုမျိုး ကွင်းလယ်ကို ထိန်းချုပ်ပေးနိုင်ပြီး ပြိုင်ဘက်တွေ ထိုးဖောက်မလာနိုင်အောင် တားဆီးပေးနိုင်မယ့် ကစားသမားမျိုးပါ" လို့ ဆိုပါတယ်။