The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဒဏ်ရာရကစားသမားနှစ်ဦးပါဝင်ဖို့ ခက်ခဲလိမ့်မယ်လို့ အီရာအိုလာ ဝန်ခံ

ချဲလ်ဆီးနဲ့ယှဉ်ပြိုင်ရမယ့် အောက်တိုဘာ ၂၈ ရက်၊ ကာရာဘောင်ဖလားပွဲစဉ်မတိုင်ခင် လီဗာပူးနည်းပြအီရာအိုလာက ဒဏ်ရာရကစားသမားတချို့ရဲ့နောက်ဆုံးအခြေအနေကို ရှင်းပြခဲ့ပါတယ်။

အခုပွဲစဉ်မှာ ပြီးခဲ့တဲ့နွေရာသီကာလ၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နည်းပြအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အန်ဖီးလ်ကွင်းဆီ ရောက်ရှိလာမယ့် ကွင်းလယ်ကြယ်ပွင့်ဟောင်းအလွန်ဆိုကို လီဗာပူးပရိသတ်တွေ ကြိုဆိုသွားရပါလိမ့်မယ်။

အခုဘောလုံးရာသီ၊ ပြိုင်ပွဲလမ်းကြောင်းလေးခုမှာ ဆက်လက်ယှဉ်ပြိုင်နေရတဲ့ လီဗာပူးအပြင် ချဲလ်ဆီးလည်း ပြိုင်ပွဲသုံးခုမှာ ပါဝင်နေရလို့ အခုပွဲစဉ်အတွက် နည်းပြနှစ်ဦးလုံး လူစာရင်းပိုင်းအလှည့်အပြောင်းတွေ ပြုလုပ်သွားကြပါလိမ့်မယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဘရိုက်တန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ဂျာမနီလက်ရွေးစင်ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းစကားကို အီရာအိုလာ ရရှိခဲ့ပေမဲ့ ဆိုဘိုဆလိုင်းနဲ့ ဗစ်တာမူနော့ဇ်တို့အတွက်တော့ အခြေအနေ သိပ်မကောင်းသေးပါဘူး။

အီရာအိုလာက "နောက်ပိုင်းမှာ လေ့ကျင့်ခန်းဆင်းရဖို့ရှိနေသေးလို့ စောင့်ကြည့်ရပါဦးမယ်"

"ဖလော်ရီယန်ဝစ်ဇ်ကိုတော့ ပါဝင်ကစားနိုင်မယ်လို့ ကျွန်တော် အတော်လေး အကောင်းမြင်မိပါတယ်။ ဆိုဘိုဆလိုင်းနဲ့ ဗစ်တာမူနော့ဇ်တို့အတွက်တော့ သိပ်မသေချာသေးပါဘူး"

"မကစားနိုင်ဘူးလို့ မပြောချင်ပေမဲ့ ဖလော်ရီယန်ဝစ်ဇ်ထက်စာရင် သူတို့ပါဝင်နိုင်ဖို့ဆိုတာ ပိုခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။