ဖလက်ဝုဒ်ကို ရှုံးနိမ့်ကာ ကာရာဘောင်ဖလားပြိုင်ပွဲမှ အံ့အားသင့်ဖွယ်ထွက်ခွာလာရမှုအပေါ် တုံ့ပြန်လာတဲ့ အာတီတာ
အင်္ဂါနေ့၊ ကာရာဘောင်ဖလားပြိုင်ပွဲမှာ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီးနောက် အာဆင်နယ်နည်းပြအာတီတာက သူ့ရဲ့စိတ်ခံစားချက်ကို ဖွင့်ဟလာပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်က အင်္ဂါနေ့၊ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဟိုက်ဘူရီကွင်းမှာ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ခွင့်ပြုချက်မရှိဘဲ ပျံသန်းလာတဲ့ ဒရုန်းတစ်စင်းကြောင့် ပွဲစဉ်အနည်းငယ်ကြန့်ကြာခဲ့ပြီးနောက် ပွဲချိန် ၂၁ မိနစ်မှာ အာရွန်လူပါလိုဘီရဲ့သွင်းဂိုးနဲ့အတူ အိမ်ရှင်အသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ လူစားဝင်ကစားသမားယောကရက်စ်ရဲ့ အခုဘောလုံးရာသီ၊ ဂန်းနားတွေအတွက် ပထမဆုံးသွင်းဂိုးနဲ့အတူ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။
အချိန်တွေကုန်ဆုံးသွားပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ဆီ ရောက်ရှိသွားခဲ့ပြီး နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ် ဘရူနိုဂူမာယေးစ်ရဲ့ပင်နယ်တီကန်ချက် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။
ပွဲစဉ်အပြီး BBC Radio 5 live နဲ့တွေ့ဆုံချိန် အာတီတာက "ပထမဦးတော့ နောက်တစ်ဆင့် တက်ရောက်သွားတဲ့ ဖလက်ဝုဒ်ကို ဂုဏ်ပြုပါတယ်။ သူတို့ စွမ်းဆောင်ပြသွားခဲ့တဲ့ပုံစံအတွက် ဂုဏ်ယူသလို ကျွန်တော်တို့အတွက်တော့ အလွန်ဝမ်းနည်းစရာကောင်းတဲ့ နေ့ရက်တစ်ခု ဖြစ်ပါတယ်"
"ကစားသမားတွေရဲ့စိတ်နေစိတ်ထားပိုင်းနဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် ပြစ်တင်ဝေဖန်စရာ ဘာတစ်ခုမှ မရှိပါဘူး။ သူတို့ရဲ့စိတ်ပိုင်းဖြတ်မှုကို ပွဲစကတည်းက မြင်တွေ့နိုင်ခဲ့ပါတယ်။ လက်ရှိကစားသမား ၁၀ ဦးနဲ့ ကစားခဲ့ရချိန်မှာတောင် ပွဲချိန်အစောပိုင်းမှာ အလွန်ညံ့ဖျင်းတဲ့ ပေးဂိုးတစ်ဂိုးကို ခွင့်ပြုပေးလိုက်ရမှုကြောင့် ပြိုင်ဘက်ကို အရှိန်အဟုန်တစ်ခု ရရှိသွားစေခဲ့ပါတယ်" လို့ ပြောပါတယ်။