The network connection is lost.

Banner Image

ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်လာတဲ့ ထရိုဆက်

အာဆင်နယ်တောင်ပံကစားသမား လီအန်ဒရိုထရိုဆက်ဟာ ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းမှုတွေကို စိတ်ဝင်စားခြင်းမရှိဘဲ အင်္ဂလန်မှာသာဆက်နေလိုတာကြောင့် မီခေးလ်အာတီတာရဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အလိုရှိနေတယ်လို့သိရပြီး၊ အာဆင်နယ်ဘက်ကလည်း စာချုပ်သစ်အတွက် ဆွေးနွေးသွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ 

The BBC သတင်းဌာနရဲ့အဆိုအရ ထရိုဆက်ဟာ အာဆင်နယ်နဲ့ဆက်လက် လက်တွဲလိုနေပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ အလိုရှိနေတယ်လို့သိရပါတယ်။ ကစားသမားဟာ အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့အတွက် မကြာမီမှာပဲ သဘောတူညီမှုရရှိတော့မယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 

စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကိုတော့ ပြီးခဲ့တဲ့လက အသင်းကိုစတင်ရောက်ရှိလာခဲ့တဲ့ အားကစားဒါရိုက်တာသစ် အန်ဒရီဘာတာက ဦးဆောင်သွားမှာဖြစ်ပြီး ဘာတာဟာ အာဆင်နယ်ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးကိစ္စတွေမှာ အတော်လေးအားကိုးရတယ်လို့ သိရပါတယ်။ 

ထရိုဆက်အနေနဲ့ ဆော်ဒီပရိုလိဂ်ရဲ့ မြင့်မားတဲ့ကမ်းလှမ်းမှုတွေကို လျစ်လျူရှုထားတာကြောင့် အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အတော်လေးစိတ်အားထက်သန်နေတယ်လို့ ယူဆရပါတယ်။ အသက်-၃၀ နှစ်အရွယ်ကစားသမားဟာ နည်းပြမီခေးလ်အာတီတာရဲ့ လုပ်ငန်းစဉ်တွေကို အထင်ကြီးလေးစားသူတစ်ယောက်ဖြစ်ပြီး အမ်းမရိတ်စ်မှာ အောင်မြင်တဲ့ကစားသမားဘဝကို ပုံဖော်လိုနေတာလည်းဖြစ်ပါတယ်။ 

ထရိုဆက်ဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၂၃ ပွဲအထိ ပါဝင်ယှဉ်ပြိုင်ထားပြီး ၂၈ ဂိုးသွင်းယူပေးထားကာ အရေးပါတဲ့ အခန်းကဏ္ဍကနေ အမြဲလိုလိုအကူအညီပေးထားနိုင်ပါတယ်။ ဒါကြောင့် ကာလရှည်ခိုင်မာတောင့်တင်းမယ့် လူစာရင်းကိုတည်ဆောက်ချင်နေတဲ့ အာဆင်နယ်အတွက် ထရိုဆက်ရဲ့စာချုပ်သစ်က အပြုသဘောဆောင်တဲ့ သဘောတူညီချက်တစ်ခုဖြစ်လာမယ်လို့ ယူရပါတယ်။ 

လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားခဲ့ပြီဖြစ်ကာ လာမယ့် တနင်္ဂနွေနေ့မှာတော့ ၂၀၂၄-၂၅ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။