
အက်စတွန်ဗီလာအသင်း ဘတ်စ်ကားကို အုတ်ခဲဖြင့် တိုက်ခိုက်ခံရမှုအပေါ် စုံစမ်းစစ်ဆေးနေတဲ့ လန်ကတ်ရှိုင်းယားရဲတပ်ဖွဲ့
ဘန်လေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ထွက်ခွာလာတဲ့ အက်စတွန်ဗီလာအသင်းရဲ့ အိမ်အပြန်ခရီးလမ်းမှာ အသင်းဘတ်စ်ကားကို အုတ်ခဲဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာကြောင့် လန်ကာရှိုင်းယားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေပြီလို့ သိရှိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဘန်လေ အသင်းကို သုံးဂိုးတစ်ဂိုးဆိုတဲ့ ရလဒ်ဖြင့် ပြတ်သားစွာအနိုင်ယူခဲ့ပြီးနောက် နေရပ်ဆီပြန်သွားရန်ထွက်ခွာလာချိန်မှာ အခုဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဘတ်စ်ကားရဲ့လေကာမှန်ကတော့ ပျက်စီးသွားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ "ကျွန်တော်တို့ အခင်းဖြစ်ပွားတဲ့နေရာ၊ အုတ်ခဲပစ်ချခဲ့တဲ့ လူကူးဂုံးကျော်တံတားတစ်ဝိုက်နဲ့ အက်စတွန်ဗီလာအသင်းမောင်းနှင်ခဲ့တဲ့ ကားလမ်းတစ်လျှောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဂုံးကျော်တံတားက M65 အမှတ် ၁၀ လမ်းဆုံရဲ့ အနီးတဝိုက်မှာတည်ရှိပါတယ်။ ကားရဲ့လေကာမှန်ကတော့ အုတ်ခဲနဲ့ထိမိလို့ ပျက်စီးမှုတချို့ရှိခဲ့ပေမယ့် ကံကောင်းစွာနဲ့ လူတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်က ဆိုးရွားတာကြောင့် လူတွေထိခိုက်ဒဏ်ရာဖြစ်စေအောင် လုပ်တဲ့လူတွေကိုတော့ သက်ညှာသွားဖို့ မရှိပါဘူး။ အဲဒီပတ်ဝန်းကျင် အနီးတဝိုက်မှာနေထိုင်သူပဲဖြစ်ဖြစ်၊ ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့တဲ့သူပဲဖြစ်ဖြစ် ဒါမှမဟုတ် တာဝန်ရှိသူတွေဆီက ကျွန်တော်တို့ရဲ့ စုံစမ်းမေးမြန်းမှုအပေါ် အကူအညီပေးနိုင်မယ့်လူရှိရင် အကူအညီပေးဖို့ တောင်းဆိုလိုပါတယ်"လို့ ထုတ်ပြန်ထားပါတယ်။
လန်ကာရှိုင်းယားရဲတပ်ဖွဲ့အရာရှိ မီလီတာ ဝေါ့စ်ဝစ်ခ်က "ဘန်လေနဲ့ အက်စတွန်ဗီလာတို့ ပွဲစဉ်အပြီး လူသွားလူလာများတဲ့ ဧရိယာအတွင်းမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ အုတ်ခဲကြောင့် ထိခိုက်မှုကြီးကြီးမားမားမဖြစ်ခဲ့ကြလို့ ကံကောင်းတယ်လို့ဆိုရပါမယ်။ ဒီလုပ်ရပ်က လူတစ်ယောက်ကို အကြီးအကျယ်ဒဏ်ရာရရှိစေနိုင်သလို သေစေနိုင်တဲ့အထိပါ အန္တရာယ်များပါတယ်။ အခုချိန်မှာတော့ ဒီလုပ်ရပ်အတွက် တာဝန်ရှိတဲ့လူကိုရှာဖွေဖို့၊ သတင်းအချက်အလက်သိရှိထားတဲ့သူတွေကို စုံစမ်းမေးမြန်းဖို့ ပြင်ဆင်ထားပါတယ်" ပြောပါတယ်။
အခုဖြစ်ရပ်အပေါ် ဘန်လေအသင်းကလည်း "ပွဲစဉ်အပြီး M65 လမ်းဆုံမှာ အက်စတွန်ဗီလာအသင်းရဲ့ဘတ်စ်ကားကို အုတ်ခဲဖြင့်တိုက်ခိုက်ခံခဲ့ရတယ်လို့ ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အက်စတွန်ဗီလာအသင်းဆီ ဆက်သွယ်ပြီးနောက်မှာ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ သိခဲ့ရလို့ စိတ်သက်သာရာရခဲ့ပါတယ်။ ဒီအပြုအမူအပေါ် ဘန်လေအသင်းအနေဖြင့် ပြင်းပြင်းထန်ထန်ရှုံ့ချပြီး ကျူးလွန်သူကို ရှာဖွေနေတဲ့ ရဲတပ်ဖွဲ့ဆီ တက်နိုင်သမျှ ပံ့ပိုးကူညီပေးသွားပါမယ်"လို့ ထုတ်ပြန်ထားပါတယ်။