The network connection is lost.

Banner Image

မက်ဆီ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အတ္တလန္တာကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ အင်တာမီယာမီ

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ လီယွန်နယ်မက်ဆီက အင်တာမီယာမီအတွက် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း အတ္တလန္တာကို အနိုင်မရခဲ့ဘဲ ၃-၁ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ 
 
အတ္တလန္တာဟာ ဆာဘလော့ဘ်ဇန်နစ်ဇီ၊ သီယာရီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ တာတာမာတီနိုရဲ့အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပြီး မတ်လ ၂၃ ရက်နေ့ နောက်ပိုင်း ၉ ပွဲဆက် နိုင်ပွဲမရှိ ရလဒ်ကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားစူပါစတား မက်ဆီက အင်တာမီယာအတွက် ပွဲကစားချိန် ၆၂ မိနစ်မှာ ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့သော်လည်း တာတာမာတီနိုအနေနဲ့ သူ့အသင်းဟောင်းကို အနိုင်ရရှိဖို့တော့ လုံလောက်ခြင်းမရှိခဲ့ပါဘူး။
 
တာတာမာတီနိုဟာ မေဂျာလိဂ်သို့ စတင်ရောက်ရှိချိန်က အတ္တလန္တာကို စတင်ကိုင်တွဲခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုအထိ ဦးဆောင်ကာ ၂၀၁၈ မေဂျာလိဂ်အမှတ်ပေးဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အကောင်းကစားသမားဆုကို အတ္တလန္တာတောင်ပံကစားသမားလေး သီယာဂို အယ်မာဒါက ချီးမြှင့်ခြင်းခံခဲ့ရပြီး မက်ဆီနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကြယ်ပွင့်ကစားသမားဟာ အင်တာမီယာမီနောက်တန်းကို ပွဲကစားချိန်တစ်လျှောက်လုံး အလုပ်ရှုပ်စေခဲ့တာဖြစ်ပါတယ်။
 
အင်တာမီယာမီအနေနဲ့လည်း နောက်တန်းပိုင်းအတော်အားနည်းနေတာကြောင့် လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူ နာချိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လာမယ့်စနေနေ့မှာတော့ အင်တာမီယာမီဟာ စိန့်လူးဝစ်စီးတီးနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အလှည့်အပြောင်းတစ်ခုကို ပုံဖော်သွားနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါပွဲစဉ်ဟာ ကိုပါအမေရိကပြိုင်ပွဲအတွက် အာဂျင်တီးနားလက်ရွေးစင် အသင်းနဲ့မပူးပေါင်းမီ မက်ဆီရဲ့ နောက်ဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။