The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အက်သလက်တီကိုနဲ့ ရီးရဲလ်တို့အတွက် အနားယူချိန်ပိုပေးသွားမှာမဟုတ်ကြောင်း လာလီဂါဥက္ကဌပြော

လာလီဂါဥက္ကဌ ဂျာဗီယာတီဘက်စ်က ပုံစံအသစ်နဲ့ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အက်သလက်တီကိုနဲ့ ရီးရဲလ်မက်ဒရစ်တို့အတွက် အနားယူချိန် ပိုပေးသွားဖို့မရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ကမ္ဘာအနှံ့က အကောင်းဆုံးအသင်း-၃၂ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ယခုနှစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်မှာ ကျင်းနေတာဖြစ်ပြီး တီဘက်စ်က အဆိုပါပြိုင်ပွဲကြောင့် လာလီဂါရဲ့ပွဲအချိန်ဇယားတွေ အပြောင်းအလဲရှိသွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားကို စပိန် ၂ သင်းဖြစ်တဲ့ အက်သလက်တီကိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် အက်သလက်တီကိုက အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ်ကတော့ နိုင်ပွဲတွေတောက်လျှောက်ဖော်ဆောင်ပြီး ကွာတားဖိုင်နယ်အထိတက်ရောက်ထားနိုင်တာကြောင့် ဇူလိုင်လ ၁၃ ရက်နေ့မှာကျင်းပသွားမယ့် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ 

တကယ်လို့ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ခဲ့မယ်ဆိုရင် နွေရာသီအားလပ်ရက်တွေအကုန်လုံးနီးပါးကို ပြိုင်ပွဲမှာပဲ အသုံးပြုသွားရမှာဖြစ်ပါတယ်။တစ်နည်းအားဖြင့် ရီးရဲလ်ဟာ ၂၀၂၅-၂၆ ရာသီကြိုပွဲစဉ်တွေကို ဆက်လက်ကစားသွားရမှာဖြစ်လို့ အနားယူချိန်လုံလုံလောက်လောက်ရမှာမဟုတ်တော့ပါဘူး။ 

တီဘက်စ်က "ကျွန်တော့်အတွက်ကတော့ ဒီပြိုင်ပွဲနောက်ထပ်မကျင်းပရင် အကောင်းဆုံးပါပဲ။ ဒီပြိုင်ပွဲက ပိုက်ဆံအတွက်ပြိုင်တဲ့ပြိုင်ပွဲတစ်ခုပါ။ ပြိုင်ပွဲမှာပါတဲ့အသင်းတွေက ပွဲတွေပိုကစားရလို့ သူတို့ရဲ့ ပွဲအချိန်ဇယားကို ထိခိုက်မှုဖြစ်စေပါတယ်။ ကျွန်တော့်ကို အနားယူချိန်ပိုရဖို့ တောင်းဆိုလာတဲ့အသင်းတွေရှိပါတယ်။ ဒါပေမယ့် သူတို့က ဒီပြိုင်ပွဲကနေ ပေါင် ၁၂၁ သန်းလောက်အထိ ရသွားမှာပါ။ ကျွန်တော်ကတော့ အနားယူချိန်တိုးပေးသွားမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ယခုအခါမှာတော့ လာလီဂါဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၅-၂၆ ဘောလုံးရာသီအတွက် ပွဲအချိန်ဇယားကို ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ဩဂုတ်လ ၁၇ ရက်နေ့မှာ အိုဆာဆူနာနဲ့စတင်ကစားသွားရပါမယ်။ လာလီဂါပြိုင်ပွဲကို ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ အပြီးသတ်ကစားသွားမှာဖြစ်ပါတယ်။ တီဘက်စ်ရဲ့အဆိုအရ လာလီဂါဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး ပံ့ပိုးမှုပြုလုပ်သွားမှာမဟုတ်ဘဲ လာလီဂါပြိုင်ပွဲကို ပုံမှန်အတိုင်းပဲ ကျင်းပဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒေါ့မွန်နဲ့ယှဉ်ပြိုင်သွားရပါမယ်။