
ဂျူဗင်တပ်စ်ကို အနိုင်ယူခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အပြီး အမ်ဘာပေရဲ့ကြံ့ခိုင်မှု ပိုင်းနောက်ဆုံးအခြေအနေ
ဒီနေ့မနက်ပိုင်း၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်ကို အနိုင်ရရှိပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက လာမယ့်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ အမ်ဘာပေ ပါဝင်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
အာနိုးရဲ့ဖြတ်တင်ဘောမှတဆင့် ဂွန်ဇာလိုဂါစီယာသွင်းယူခဲ့တဲ့ ဒုတိယပိုင်းပွဲချိန်ခေါင်းတိုက်ဂိုးက မိုင်ယာမီရှိ Hard Rock Stadium အတွင်း စပိန်ဘီလူးကြီးကို နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပါတယ်။ အခုနွေရာသီပြိုင်ပွဲကြီးစတင်လာချိန်မှာပဲ ပြင်းထန်အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူခဲ့ရတဲ့ အမ်ဘာပေကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်သုံးခုလုံးကို လွဲချော်ခဲ့ပါတယ်။
ဒါပေမဲ့ အလွန်ဆိုက ဒီနေ့မနက်ပိုင်းပွဲစဉ်ရဲ့ပွဲချိန် ၆၈ မိနစ်အရောက် အနိုင်ဂိုးရှင်ဂွန်ဇာလိုဂါစီယာရဲ့နေရာမှာ အမ်ဘာပေကို လူစားလဲထည့်သွင်းခဲ့ပါတယ်။ လူစားဝင်တိုက်စစ်မှူးပြင်သစ်သားက ပွဲရလဒ်ကို အပြောင်းအလဲဖြစ်အောင် မစွမ်းဆောင်နိုင်ပေမယ့် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ရက်အနည်းငယ်အပြီး ပွဲကစားချိန်မိနစ်အနည်းငယ်ရရှိခဲ့လို့ ကျေနပ်နေပါလိမ့်မယ်။
ရီးရဲလ်မက်ဒရစ်က နောက်တစ်ဆင့်မှာ နယူးဂျာစီရှိ MetLife Stadium အတွင်း ဒေါ့မွန်နဲ့ ရင်ဆိုင်သွားရပါမယ်။ ဒီနေရာမှာ အလွန်ဆိုက ရီးရဲလ်မက်ဒရစ်နည်းပြဘဝ၊ ပထမဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် နောက်ထပ်ခြေလှမ်းသစ်တစ်ရပ် ထပ်မံလျှောက်လှမ်းနိုင်ရေး ကြိုးစားသွားပါလိမ့်မယ်။ ဂျူဗင်တပ်စ်ကို အနိုင်ရရှိတဲ့ပွဲစဉ်အပြီး အလွန်ဆိုက “ တစ်ပွဲချင်းစီအလိုက် ကျွန်တော်တို့အသင်း တိုးတက်လာပြီး ဒီနေ့မှာလည်း နောက်တစ်ကြိမ်တိုးတက်မှုကို ပြသနိုင်ခဲ့ပါတယ်။ အံကြိတ်ပြီး အဆုံးအထိတိုက်ပွဲဝင်သွားရမယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။ ဒါက ရီးရဲလ်မက်ဒရစ်ပါ”လို့ ပြောပါတယ်။
ဒါ့အပြင် အလွန်ဆိုက အသင်းရဲ့ပွဲထွက်လူစာရင်းမှာ အမ်ဘာပေပါဝင်လာမယ့်အခွင့်အလမ်းအပေါ် အကောင်းမြင်မှုအပြည့်ရှိနေခဲ့ပါတယ်။ တိုက်စစ်မှူးရဲ့ကြံ့ခိုင်မှု ပိုင်းနောက်ဆုံးအခြေအနေကို မေးမြန်းရာမှာ စပိန်သားနည်းပြက “ အမ်ဘာပေလား? ကွာတားဖိုင်နယ်ပွဲစဉ်အတွက် သူ အကောင်းဆုံးဖြစ်နေလိမ့်မယ်လို့ ယူဆထားပါတယ်။ကျွန်တော်လည်း သူနဲ့ နေ့တိုင်း စကားပြောဖြစ်ပါတယ်။ စောင့်ကြည့်သွားကြတာပေါ့။ သူကိုယ်တိုင်လည်း ပိုကောင်းလာတယ်လို့ ခံစားမိနေပါတယ်”လို့ တုံ့ပြန်ဖြေကြားပါတယ်။
လာမယ့်ပွဲစဉ်မှာ အမ်ဘာပေနဲ့ ဂွန်ဇာလိုဂါစီယာ တိုက်စစ်မှူးနှစ်ဦးလုံးကို ပွဲထွက်ခွင့်ပေးသွားဖို့ရှိသလားဆိုတဲ့ မေးခွန်းကို အလွန်ဆိုက “ နောက်ပွဲစဉ်အတွက် ကျွန်တော် ဘာမှမပြင်ဆင်ရသေးပါဘူး။ ဂွန်ဇာလိုဂါစီယာအပြင် အသင်းတစ်ခုလုံးအတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့အသင်းရဲ့လိုအပ်ချက်တွေကိုလည်း ကျွန်တော်တို့ကိုယ်တိုင်ပဲ ရှာဖွေသွားရပါမယ်။ ဒါမှသာ အချိန်ကျလာရင် အကောင်းဆုံးအဆုံးသတ်တစ်ခုကို ရေးဆွဲသွားနိုင်မှာ ဖြစ်ပါတယ်”လို့ ဖြေကြားပါတယ်။
အလွန်ဆိုက ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ အာနိုးလ်ကို ချီးကျူးဂုဏ်ပြုပေမယ့် အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်မှုတွေ ပိုမိုပြုလုပ်ရင်း အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့စွမ်းဆောင်ရည်ပိုင်း ပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မက်ဒရစ်ကစားသမားဘ၀ ပထမဆုံးဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ အာနိုးလ်နဲ့ပတ်သက်လို့ အလွန်ဆိုက “ဖြတ်တင်ဘောဆိုတာ အာနိုးလ်ရဲ့အမှတ်သင်္ကေတပါ။ သူက ဒါမျိုးကို အကြိမ် ၅၀၀ လောက် ပြုလုပ်ပြီးပါပြီ။
ညာခြမ်းမှာ တခါတရံ ကျွန်တော်တို့အသင်းအတွက် နောက်ထပ်ခြေလှမ်းသစ်တစ်ရပ် ထပ်လိုနေပါတယ်။ တစ်ဦးချင်းရင်ဆိုင်ကျော်ဖြတ်မှုတွေဆိုတာ အာနိုးလ် အပိုင်နိုင်ဆုံးကိစ္စတော့ မဟုတ်ပါဘူး။ သူက မက်ဒရစ်ဆီ ယှဉ်ပြိုင်နိုင်ဖို့ ရောက်ရှိလာပြီး အခုတော့ လေ့ကျင့်ချိန်အနည်းငယ်သာ ရှိနေပါသေးတယ်။ ဘာပဲလုပ်လုပ် အချိန်တော့ ယူရပါတယ်”လို့ ပြောပါတယ်။