The network connection is lost.

Banner Image

ဘာစီလိုနာလူငယ်စတားကို သတိပေးစကားဆိုလိုက်တဲ့ ရီးရဲလ်ဂန္ထဝင်ဟောင်း

ရီးရဲလ်ဂန္ထဝင်ဟောင်း တိုနီခရူးစ်က ဘာစီလိုနာလူငယ်စတား ယာမဲလ်အနေနဲ့ အောင်မြင်မှုတွေဟာ ကွင်းထဲမှာတင်မူတည်နေတာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။ တိုနီခရူးစ်ဟာ ယူရို ၂၀၂၄ မှာ ယာမဲလ်နဲ့ရင်ဆိုင်ဖူးတာဖြစ်ပြီး စပိန်က ဂျာမနီအသင်းကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်သာရှိနေသေးပေမယ့် တိုနီက ယာမဲလ်ရဲ့စွမ်းဆောင်ရည်ကောင်းတွေကို ချီးကျူးခဲ့ပါတယ်။

ဂျာမန်သားဟောင်းက စပိန်သားအနေနဲ့ ကာလရှည်တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကို ထိန်းထားနိုင်ဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။ ဒယ်လိုစပေါ့တ်နဲ့အင်တာဗျူးမှာ ဂျာမန်သားဟောင်းက “ကျွန်တော် ဘိုင်ယန်စီနီယာအသင်းအတွက်စကစားပေးတုန်းက အသက် ၁၇ နှစ်ပဲရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော် သူ့အဆင့်အတန်းတော့ မရောက်သေးပါဘူး။ ဒီလိုအသက်အရွယ်မှာ အခုလိုမျိုးစွမ်းဆောင်ပြနေတာမျိုး ကျွန်တော်မမြင်ဖူးသေးပါဘူး။ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုကို ကျွန်တော်ပြောနေတာပါ။ ဘာလို့လဲဆိုတော့ ပုံမှန်အရည်အချင်းတွေက ထင်ရှားပါတယ်။ 

ကောင်လေးအနေနဲ့ အောင်မြင်မှုတွေကို ကွင်းထဲမှာတင်မူတည်နေတာမဟုတ်ဘူးဆိုတာကို သိရပါမယ်။ ခက်ခဲတဲ့အခိုက်အတန့်တွေမှာတောင် သူလုပ်ပြနိုင်တာတွေရှိပါတယ်။ သူ့အသက်က ၁၇ နှစ်ပဲရှိနေပါသေးတယ်။ အဲ့တာက သာမန်မဟုတ်ပါဘူး။ သူက ၂ ရာသီလောက်ကို ထူးချွန်ခဲ့တာပါ။ နောက်ဆုံးရာသီဆိုရင် ကြီးကျယ်ခမ်းနားလွန်းပါတယ်။ ကျွန်တော် သူ့လိုကောင်လေးမျိုးမမြင်ဖူးသေးပါဘူး။

ကျွန်တော်အမြဲပြောသလို ကစားသမားဘဝဆိုတာက တာတိုပြေးတာမဟုတ်ပဲ မာရသွန်လိုပါပဲ။ ဒါကြောင့် လာမယ့် ၅ ရာသီကနေ ၁၀ ရာသီကြားမှာ ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။ တကယ်လို့ သူ့အနေနဲ့ ဆက်လက်တိုးတက်လာမယ် ၊ ကွင်းပြင်ပမှာ အရာအားလုံးဘယ်လိုတုံ့ပြန်မလဲဆိုတာရယ်ကို ကြည့်ရပါမယ်။ အောင်မြင်မှုတွေက ကွင်းထဲမှာတင်မူတည်နေတာမဟုတ်ပါဘူး။ အပြင်ဘက်ကအခြေအနေတွေကလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ အဲ့တာကို သူဘယ်လိုကိုင်တွယ်မလဲဆိုတာလည်း အရေးကြီးပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ယာမဲလ်ဟာ လာမယ့်ရာသီသစ်မှာလည်း အသင်းဖော် လီဝန် နဲ့ ရာဖင်ဟာတို့နဲ့အတူ မနှစ်ကရခဲ့တဲ့ဆုဖလားတွေအပြင် ချန်ပီယံလိဂ်ဖလားပါရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၆ မှာလည်း ကမ္ဘာ့ဖလားရှိနေတာကြောင့် ယာမဲလ်အနေနဲ့ မိခင်နိုင်ငံအသင်းကို ဆက်လက်ဦးဆောင်နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။