The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နည်းပြဘဝ ပထမဆုံး ကစားသမားခေါ်ယူမှုပြုလုပ်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်ဟာ နည်းပြသစ် ဗင်းဆင့်ကွန်ပနီရဲ့လက်ထက် ပထမဆုံး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့နီးစပ်နေပြီး ယခုအခါမှာ ဖူလ်ဟမ်ကွင်းလယ်လူ ဂျိုအိုပယ်လင်ဟာကို ခေါ်ယူဖို့သဘောတူညီမှု ရရှိခဲ့ပြီလို့သိရပါတယ်။ သတင်းတွေအရ ဘိုင်ယန်မြူးနစ်ဟာ ပေါ်တူဂီလက်ရွေးစင်ကစားသမားကို ယူရိုပြိုင်ပွဲမတိုင်ခင် ယခုသီတင်းပတ်အတွင်းမှာပဲ စာချုပ် ချုပ်ဆိုနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။
 
ဘိုင်ယန်မြူးနစ်ဟာ ပယ်လင်ဟာကို ခေါ်ယူဖို့ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ သဘောတူညီမှုမရရှိခဲ့ပါဘူး။ သို့သော်လည်း ယခုအခါမှာတော့ ဂျာမန်ထိပ်သီးကလပ်ဟာ နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကြောင့် ကစားသမားအနေနဲ့လည်း ဖူလ်ဟမ်ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်လာခဲ့တာဖြစ်ပါတယ်။
 
အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ဘိုင်ယန်မြူးနစ်ဟာ ပယ်လင်ဟာကို ခေါ်ယူဖို့ သဘောတူညီမှုရထားပြီး ပြောင်းရွှေ့ကြေးမှာ ပေါင် ၃၈ သန်း ဖြစ်တယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့ဟာ ဘန်လေကို ပရီးမီးယားလိဂ်မှာ ဆက်လက်ကျန်ရှိစေဖို့ ကျရှုံးခဲ့ပြီး ဘိုင်ယန်မြူးနစ်သို့ ရောက်ရှိလာတဲ့ ကွန်ပနီအတွက် ကလပ်အသစ်မှာ ပထမဆုံး ခေါ်ယူမှုဖြစ်လာဖို့ရှိပါတယ်။
 
၂၀၂၂ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းကနေ ဖူလ်ဟမ်သို့ ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အသက်-၂၈ နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမားဟာ ပရီးမီးယားလိဂ်ကလပ်အတွက် ပြိုင်ပွဲစုံ ၇၉ ပွဲကစားပြီး ၈ ဂိုး သွင်းယူပေးထားပါတယ်။ အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်ရဦးမှာဖြစ်လို့ ပေါ်တူဂီအသင်းမှာ ရွေးချယ်ခံထားရတဲ့ပယ်လင်ဟာအနေနဲ့ လက်ရှိအချိန်မှာတော့ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက်သာ အဓိက အာရုံစိုက်ထားရမှာဖြစ်ပါတယ်။ 
 
နည်းပြရော်ဘတ်တိုမာတီနက်ဇ်ရဲ့ ပေါ်တူဂီဟာ အုပ်စုအဆင့်မှာ ချက်၊ တူရကီ၊ ဂျော်ဂျီယာတို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်လို့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အလားအလာများနေပါတယ်။