
ဂျေဒန် ဆန်ချိုကို ခေါ်ယူရေးနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဂျိုး ကိုးလ်
ဆန်ချိုရဲ့ ပွဲကစားချိန် ၈၃ မိနစ်တွင် သွင်းယူခဲ့တဲ့ ကွင်းလယ်မှ ကန်သွင်းချက်ဟာ ပိုလန်တွင် ရီးရဲလ် ဘက်တစ် ကို ၄-၁ ဂိုး ဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရှုံးနိမ့်နေရာမှ ပြန်လာခဲ့တဲ့ ချဲလ်ဆီးအတွက် ကွန်ဖရင့်လိဂ် ဖိုင်နယ်ပွဲကို အဆုံးသတ်စေခဲ့ပါတယ်။ ပထမပိုင်းတွင် အက်ဘ်ဒီ အက်ဇယ်ဇူလီ ရဲ့ အစောပိုင်းသွင်းဂိုးဖြင့် ဘက်တစ်က ဦးဆောင်ခဲ့သော်လည်း ချဲလ်ဆီးက ဒုတိယပိုင်းတွင် အထင်ကြီးစရာကောင်းတဲ့ ကစားပုံဖြင့် အခြေအနေကို ပြောင်းပြန်လှန်ခဲ့ပါတယ်။
အန်ဇို ဖာနန်ဒက်ဇ်က ပွဲကစားချိန် ၆၅ မိနစ်တွင် ကိုးလ် ပယ်လ်မာရဲ့ ဘောလုံးပေးပို့မှုမှ ချေပဂိုးသွင်းယူခဲ့ပြီး နီကိုးလပ် ဂျက်ဆန်က ငါးမိနစ်အကြာတွင် ပယ်လ်မာရဲ့ နောက်ထပ် ဘောလုံးပေးပို့မှုမှ ချဲလ်ဆီးကို ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဆန်ချိုက ချဲလ်ဆီးရဲ့ တတိယဂိုးကို သွင်းယူပေးခဲ့ပြီး မိုဆက်စ် ကိုင်စီဒိုက ဒဏ်ရာအချိန်ပိုတွင် စတုတ္ထဂိုးဖြင့် အနိုင်ကို အဆုံးသတ်ပေးခဲ့ပါတယ်။ အန်ဇို မာရက်စ်ကာရဲ့ အသင်းက မျှော်လင့်ထားသည့်အတိုင်း အားနည်းသော ကွန်ဖရင့်လိဂ်တွင် အလွန်အားကောင်းကြောင်း သက်သေပြခဲ့ပါတယ်။
ဆန်ချိုဟာ ဒုတိယပိုင်း လူစားလဲဝင်ရောက်ပြီးနောက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ် သို့ အပြီးသတ် ပြောင်းရွှေ့ရန် အခွင့်အလမ်းများကို မြှင့်တင်ပေးခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်မှ ဆန်ချိုကို အငှားဖြင့် ခေါ်ယူခဲ့စဉ်က ပေါင် ၂၅ သန်းခန့်ဖြင့် အပြီးသတ် ခေါ်ယူရန် သဘောတူခဲ့ပါတယ်။
သို့သော်လည်း ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက်ကို ပေါင် ၅ သန်း လျော်ကြေးပေး၍ သဘောတူညီမှုကို ဖျက်သိမ်းနိုင်ပြီး ဆန်ချိုက အနောက်လန်ဒန်တွင် ကစားခဲ့သော ရာသီဝက် ခြေစွမ်းကြောင့် ထိုသို့ဖြစ်နိုင်ချေ ရှိနေကြောင်း သတင်းများက ဖော်ပြထားပါတယ်။ သို့သော် ကိုးလ်က နောက်ရာသီတွင် ဆန်ချိုကို ချဲလ်ဆီး၌ မြင်လိုကြောင်း ယခင် ဒေါ့မွန်ကြယ်ပွင့်ကို 'တကယ်နှစ်သက်သဘောကျကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဥရောပ ကွန်ဖရင့်လိဂ် ဖိုင်နယ်မတိုင်မီ ချဲလ်ဆီးတွင် ဆန်ချိုရဲ့ အနာဂတ်အကြောင်း ဆွေးနွေးရာတွင် ကိုးလ်က "ဂျေဒန်က တကယ့်ကို ကောင်းတဲ့ ကစားသမားတစ်ဦးလို့ ထင်ပါတယ်။ သူ ကောင်းကောင်း ကစားခဲ့တယ်လို့လည်း ထင်ပါတယ်" "သူက အလှည့်ကျကစားခဲ့ရပေမယ့် ဂျေဒန် ကစားတာကို ကျွန်တော် မြင်ချင်ပါတယ်။ အဲဒီလို ကစားသမားမျိုးကို ခင်ဗျားတို့ လူစာရင်းမှာ ထားချင်မှာပါ။ ဒါက ငွေကြေးဆုံးဖြတ်ချက်အပေါ် မူတည်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော် တကယ် ကြိုက်ပါတယ်" လို့ ကိုးလ်က ပြောပါတယ်။
ဖိုင်နယ်ပွဲအပြီးတွင် ဆန်ချိုသည် ချဲလ်ဆီးသို့ အမြဲတမ်း ပြောင်းရွှေ့ရန် လုံလောက်အောင် ကစားခဲ့ပြီလားဟု မေးတဲ့အခါ ကိုးလ်က "ဟုတ်ကဲ့၊ ကျွန်တော် ထင်ပါတယ်" ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။ "ဒါက ကလေးဘဝကတည်းက ဒေါ့မွန်ကိုသွားပြီး စူပါစတားဖြစ်ခဲ့တဲ့ ကလေးတစ်ဦးပါ။ ယူနိုက်တက်မှာ မအောင်မြင်ခဲ့ဘူး၊ ဒါပေမယ့် သူ ကောင်းကောင်း လုပ်ခဲ့တယ်။ ချဲလ်ဆီးမှာ သူ့ရဲ့ ဘောလုံးသမားဘဝကို ပြန်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ပါပြီ" "သူ့ဆီကနေ ပိုပြီး မြင်ရဦးမယ်လို့လည်း ထင်ပါတယ်" လို့ ကိုးလ်က ပြောကြားခဲ့ပါတယ်။
ပွဲမစမီ သတင်းစာရှင်းလင်းပွဲတွင် အန်ဇို မာရက်စ်ကာက ဖိုင်နယ်ပွဲအပြီး ရက်အနည်းငယ်အတွင်း ဆန်ချိုရဲ့ အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရီးရဲလ်ဘက်တစ်ပွဲဟာ ဆန်ချိုအတွက် ချဲလ်ဆီးတွင် နောက်ဆုံးပွဲ ဖြစ်နိုင်ပါသလားလို့ မေးတဲ့အခါ မာရက်စ်ကာက "ကျွန်တော် မသိဘူး"
"ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ခင်ဗျားတို့ ကျွန်တော့်ကို ကစားသမားအမျိုးမျိုးအကြောင်း မေးတဲ့အခါ ကျွန်တော် အမြဲတမ်း အတူတူပဲ ပြောခဲ့တယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အဲဒီအကြောင်းပြချက်က ဘာလို့လဲဆိုတော့ ဒါဟာ အမှန်တရားဖြစ်လို့ပါ" "ဒီအချိန်က မနက်ဖြန်ပွဲ ဖိုင်နယ်ပွဲအတွက် မဟုတ်သေးပါဘူး။ ပြီးရင် ၂၄ နာရီ၊ ၄၈ နာရီအတွင်းမှာ အနာဂတ်အကြောင်း စတင် ဆွေးနွေးတော့မှာပါ" "ဒါပေမယ့် ဒီအချိန်မှာ ဂျေဒန် ဒါမှမဟုတ် တခြား ကစားသမားတွေနဲ့ ပတ်သက်ပြီး ဘာအတွေး၊ ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး" လို့ နည်းပြက ပြောပါတယ်။
ချဲလ်ဆီးဟာ ရာသီရဲ့ အဆုံးသတ်တွင် အရေးကြီးသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့်မရရှိဘဲ ကွန်ဖရင့်လိဂ်တွင် ကျရှုံးခဲ့ပါက ဝေဖန်ခံရမှာဖြစ်ပါတယ်။ သို့သော်လည်း မာရက်စ်ကာရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ရာသီ၏ နောက်ဆုံးနေ့တွင် ချန်ပီယံလိဂ်သို့ ပြန်လည်ရောက်ရှိရေးကို သေချာအောင် လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ကွန်ဖရင့်လိဂ် ဖလားကို ဆွတ်ခူးခဲ့ပါတယ်။