The network connection is lost.

Banner Image

မူစီယာလာရဲ့ဒဏ်ရာခွဲစိတ်ကုသမှု အောင်အောင်မြင်မြင်ပြီးဆုံးသွားပြီလို့ ဘိုင်ယန်အတည်ပြုကြေညာ

ဘိုင်ယန်မြူးနစ်အသင်းက ကွင်းလယ်ကြယ်ပွင့်မူစီယာလာရဲ့ဘယ်ခြေဖဝါးရိုးကျိုးဒဏ်ရာကို အောင်အောင်မြင်မြင်ခွဲစိတ်ကုသနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဂျာမန်ချန်ပီယံတွေက အသက်-၂၂ နှစ်အရွယ်ကစားသမားအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အခုအင်္ဂါနေ့မှာပဲ ချက်ချင်းဆိုသလို စတင်သွားလိမ့်မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

ပီအက်စ်ဂျီကို ၂-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း ဒွန်နာရမ်မာနဲ့ မတော်တဆထိခိုက်မိပြီးနောက် ဂျာမန်လက်ရွေးစင်ဆီမှာ ထိတ်လန့်ဖွယ်ဒဏ်ရာတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။  ဒါကြောင့်ပဲ သူ့ကို ချက်ချင်းဆိုသလို ဆေးရုံဆီပို့ဆောင်ခဲ့ပြီး ဒဏ်ရာကိုခွဲစိတ်ကုသဖို့ မြူးနစ်မြို့ဆီ ဆက်လက်ခေါ်ဆောင်လာခဲ့ကြပါတယ်။ အခုတော့ ကွင်းလယ်ကစားသမားရဲ့ခွဲစိတ်ကုသမှု အောင်အောင်မြင်မြင်ဖြစ်လာခဲ့ပြီး အမြန်ဆုံးပြန်လည်သက်သာလာမလားဆိုတာ စောင့်ကြည့်သွားဖို့ပဲ ကျန်ရှိပါတော့တယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့တရားဝင်ကြေညာချက်တစ်ခုမှာ “ အမေရိကန်နိုင်ငံ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်လာပြီးနောက် မူစီယာလာရဲ့ဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ ရင်ဆိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း အသက်-၂၂ အရွယ်တိုက်စစ်ကစားသမားက ခြေဖဝါးရိုးကျိုးခြင်းနဲ့ အဆစ်လွဲမှုတွေကြောင့် ခြေကျင်းဝတ်လည်ထွက်သွားခဲ့ပြီး ပထမပိုင်းပွဲချိန်အတွင်း လူစားလဲလှယ်ခဲ့ရပါတယ်။ သူ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အခုသီတင်းပတ်၊ အင်္ဂါနေ့မှာပဲ စတင်သွားဖို့ရှိပါတယ်။ လာမယ့်လပိုင်းတွေအထိ အသင်းအတွက် မူစီယာလာပြန်ကစားပေးဖို့ မဖြစ်နိုင်သေးပါဘူး”လို့ ဖော်ပြထားပါတယ်။

ဂျာမန်ဘီလူးကြီးတွေက ရာသီကြိုပြင်ဆင်မှုတွေကို ဇူလိုင်လကုန်ပိုင်းမှာ စတင်ဖို့ရှိနေပြီး ရာသီကြိုပထမဆုံးခြေစမ်းပွဲစဉ်အဖြစ် သြဂုတ် ၇ ရက်မှာ တော့တင်ဟမ်နဲ့ Telekom Cup ပွဲစဉ် ယှဉ်ပြိုင်ကစားသွားပါမယ်။