The network connection is lost.

Banner Image

ယူနိုက်တက်အသင်းဖော် ရက်ရှ်ဖို့ဒ်ရဲ့တိုက်တွန်းမှုကြောင့် အက်စတွန်ဗီလာသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ဆန်ချို

ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးနေ့ရက်မှာ မန်ချက်စတာယူနိုက်တက်မှထွက်ခွာပြီး အက်စတွန်ဗီလာသို့အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုက ယူနိုက်တက်အသင်းဖော် မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ တိုက်တွန်းမှုကြောင့် ဗီလာသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့မျက်နှာသာပေးခြင်းမခံရတာကြောင့် အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အက်စတွန်ဗီလာသို့ ကာလတိုအငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပါတယ်။ ယခုအခါမှာတော့ ရက်ရှ်ဖို့ဒ်ရဲ့လမ်းစဉ်အတိုင်း ဆန်ချိုကလည်း ယူနိုက်တက်မှထွက်ခွာပြီး ဗီလာသို့တစ်ရာသီအငှားစာချုပ်နဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဆန်ချိုက "ကျွန်တော်ပြီးခဲ့တဲ့ရာသီက ရက်ရှ်ဖို့ဒ်ဒီရောက်နေတုန်းစကားတွေပြောဖြစ်ခဲ့ပြီး သူက ဒီအသင်းမှာပျော်ရွှင်နေတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီအသင်းမှာရှိတဲ့ သဘောကျစရာအချက်တွေကို ကျွန်တော့်ကိုပြောပြခဲ့ပြီး အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေက အရမ်းသဘောကောင်းတယ်ဆိုတာ ကျွန်တော်သိခဲ့ရပါတယ်။ အခု ကျွန်တော်လည်း သူပြောတာကို သဘောတူရတော့မှာပါပဲ" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆန်ချိုက ဗီလာနည်းပြ အူနိုင်းအမ်မရီရဲ့ အစီအစဉ်တွေကလည်း သူ့အတွက် အလွန်တွန်းအားဖြစ်စေကြောင်းကို "ကျွန်တော် မန်နေဂျာနဲ့စကားပြောပြီးနောက်မှာ ယုံကြည်ချက်တွေပိုတိုးလာခဲ့ပါတယ်။ သူက သူ့ရဲ့အစီအစဉ်တွေနဲ့ ဒီနှစ်မှာ ဘယ်လိုအောင်မြင်မှုတွေကို ရည်မှန်းထားလဲဆိုတာ ပြောပြခဲ့ပြီး ကျွန်တော့်အတွက်အတော်လေး အားတက်စေခဲ့ပါတယ်။ သူ့လက်အောက်မှာအလုပ်လုပ်ဖို့ မစောင့်နိုင်တော့ပါဘူး။ 

ဆန်ချိုဟာ ဗီလာနဲ့ ၁ ရာသီသက်တမ်းရှိ အငှားစာချုပ်သာချုပ်ဆိုထားတာဖြစ်ပြီး သူ့လစာရဲ့ ၈၀ ရာခိုင်နှုန်းကို ဗီလာဘက်ကပေးချေဖို့သဘောတူညီထားပါတယ်။ သို့သော်လည်း ယူနိုက်တက်နဲ့ ဗီလာတို့ချုပ်ဆိုထားတဲ့ အရောင်းအဝယ်စာချုပ်ထဲမှာ အပြီးသတ်ဝယ်ခွင့်မပါတာကြောင့် ရာသီကုန်မှာတော့ ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်သို့ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆန်ချိုဟာ ချဲလ်ဆီးသို့အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပြီး ယူရိုပါကွန်းဖရန့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ အင်္ဂလန်သားအနေနဲ့ အက်စတွန်ဗီလာနဲ့အတူ နောက်ထပ်ဆုဖလားအောင်မြင်မှုတွေ ဆက်လက်ရရှိဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။