ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့လို့ ဝမ်းသာမိကြောင်း ပြောကြားလာတဲ့ အရူဂျို
ဘာစီလိုနာနောက်ခံလူ ရော်နယ်အရူဂျိုက အသင်းနဲ့စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့ပြီးနောက်မှာ အလွန်ဝမ်းသာမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဗဟိုခံစစ်မှူးဟာ ကတ်တလန်ကလပ်နဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပြီး နောက်ထပ် ၆ နှစ်ကြာတဲ့အထိ နူးကမ့်မှာနေထိုင်သွားတော့မှာဖြစ်ပါတယ်။ အရူဂျိုက “ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီစာချုပ်သစ်အတွက် အရမ်းပျော်ပါတယ်။ ဘာစီလိုနာနဲ့ နောက်ထပ်နှစ်တွေအများကြီး သက်တမ်းတိုးခွင့်ရတာ မယုံနိုင်စရာပါ။ အရမ်းကိုပျော်ရွှင်မိပါတယ်”
“စာချုပ်သစ်ချုပ်နိုင်ဖို့ ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားခဲ့ပြီး အခုတော့ လိုချင်တာကိုရခဲ့ပါပြီ။ ကလပ်က ကျွန်တော့်ကို ယုံကြည်မှုအပြည့်အဝရှိနေပြီး ဒါက ကျွန်တော့်အတွက် အလွန်အရေးပါတဲ့အရာတစ်ခုပါ။ စာချုပ်ရဲ့အဓိပ္ပာယ်က ကျွန်တော်ဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး အလုပ်လုပ်ကောင်းကောင်းလုပ်နေတယ်ဆိုတာပါပဲ။ ဘာစီလိုနာနဲ့အတူ အောင်မြင်တဲ့ကစားသမားဘဝကို တည်ဆောက်သွားဖို့လည်း မျှော်လင့်ထားပါတယ်။ ဒီရာသီမှာတော့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အလုပ်ကြိုးစားနေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပန်းတိုင်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဘာစီလိုနာမှာ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေ ခံစားရကြောင်းကို အရူဂျိုက “ကျွန်တော်ဒီအသင်းကိုရောက်နေတာ ၆ နှစ်ရှိပါပြီ။ တစ်သင်းလုံးနဲ့ ရင်နှီးချစ်ခင်မှုတွေလည်းရရှိထားပါတယ်။ အသင်းက လူငယ်ကစားသမားလေးတွေနဲ့ အရည်အချင်းရှိတဲ့ အသင်းဖြစ်နေပါတယ်။ အနာဂတ်မှာ အောင်မြင်မှုတွေ ရရှိမယ်လို့လည်း ယုံကြည်ထားပါတယ်။ ဒီအသင်းမှာ ချစ်ခြင်းမေတ္တာတွေကို ခံစားရပါတယ်။ လမ်းမှာတွေ့တဲ့လူတွေကတောင် ကျွန်တော့်ကို ဒီမှာဆက်နေဖို့ အမြဲတမ်းပြောကြပါတယ်။ အသင်းကို စရောက်ကတည်းက ပျော်ရွှင်နေခဲ့တာပါ။ ကွင်းထဲမှာ ပရိသတ်တွေ ကျွန်တော့်နာမည်ကို အော်ဟစ်အားပေးတဲ့အချိန်အတိုင်း ခွန်အားတွေရစေခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဒဏ်ရာပြဿနာတွေကြောင့် ဘာစီလိုနာရဲ့ ရာသီအစပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ အရူဂျိုဟာ ယခုအခါမှာတော့ ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် ပွဲထွက်ကစားသမားအဖြစ် ပွဲစဉ်တိုင်းလိုလိုမှာ ပါဝင်ကစားထားနိုင်ပြီဖြစ်ပါတယ်။