The network connection is lost.

Banner Image

တာစတီဂန်ကို အသင်းခေါင်းဆောင်ရာထူး ပြန်လည်ပေးအပ်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ ဂိုးသမား မာ့ခ်အန်ဒရေတာစတီဂန်ကို လာလီဂါသို့တင်ပြရမယ့် ဆေးဘက်ဆိုင်ရာမှတ်တမ်းမှာ လက်မှတ်ရေးထိုးဖို့ငြင်းဆန်ခဲ့တာကြောင့် အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခဲ့ပြီး ယခုအခါမှာတော့ ကစားသမားက လက်မှတ်ရေးထိုးဖို့ သဘောတူညီခဲ့တာကြောင့် အသင်းခေါင်းဆောင်ရာထူး ပြန်လည်ပေးအပ်ခဲ့ပါတယ်။ 

တာစတီဂန်အနေနဲ့ ဘာစီလိုနာရဲ့ လက်မှတ်ထိုးရန်စေခိုင်းမှုကို ပထမက ငြင်းပယ်ခဲ့တာကြောင့် အသင်းရဲ့ အကြီးအကဲတွေနဲ့ တင်းမာမှုတွေဖြစ်ပွားခဲ့ပြီး စည်းကမ်းမလိုက်နာတဲ့ခေါင်းစဉ်နဲ့အတူ အသင်းခေါင်းဆောင်လက်ပတ်ကို ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်လက်ရွေးစင်ဂိုးသမားကို အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားပြီးနောက် ဘာစီလိုနာဟာ ဒုတိယအသင်းခေါင်းဆောင် ရိုနယ်လ်အရူဂျိုကို အသင်းခေါင်းဆောင်လက်ပတ်ပေးအပ်ခဲ့ပါတယ်။

ယခုအခါမှာတော့ ဘာစီလိုနာက “အသင်းဟာ တာစတီဂန်နဲ့ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာ မှတ်တမ်းကို လာလီဂါသို့တင်ပြဖို့ လိုအပ်ခဲ့တာကြောင့် ကစားသမားထံမှ လက်မှတ်ရေးထိုးဖို့ တောင်းဆိုခဲ့ပြီး ယခုအခါမှာ သဘောတူညီမှုရရှိခဲ့တာကြောင့် အသင်းခေါင်းဆောင်လက်ပတ်ကို ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ပါတယ်” လို့ကြေညာခဲ့ပါတယ်။ တာစတီဂန်ဟာ  မကြာသေးမီရာသီများအတွင်း စွမ်းဆောင်ရည်ကျဆင်းမှုနဲ့အတူ ဒဏ်ရာပြဿနာတွေကြုံတွေ့ထားရတာကြောင့် ဘာစီလိုနာအနေနဲ့ အသင်းကနေ ရောင်းချနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ယခုအခါမှာတော့ တာစတီဂန်ရဲ့ လက်မှတ်နဲ့အတူ ဘာစီလိုနာဟာ ယခုနွေရာသီအတွင်းခေါ်ယူထားခဲ့တဲ့ ဂိုးသမားသစ် ဂျိုအန်ဂါစီယာကို လာလီဂါမှာ မှတ်ပုံတင်စာရင်းသွင်းနိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တာစတီဂန်အနေနဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်လက်ပတ်ကို ပြန်လည်ရရှိထားပေမယ့် အသင်းရဲ့ထုံးစံအတိုင်း ၂၀၂၅-၂၆ ရာသီမတိုင်မီ အသင်းခေါင်းဆောင်သစ်ကို ပြန်လည်ရွေးချယ်သွားမှာဖြစ်လို့ မဲရလဒ်အပေါ်မူတည်ပြီး တာစတီဂန်အနေနဲ့ ရာထူးမှာဆက်ရှိမလား ဖယ်ရှားခံရဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။