
ဂျီရိုနာနဲ့ပွဲစဉ်အတွင်း အနီကတ်ပြသခံရမှုအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ ဟန်စီဖလစ်ခ်
ဘာစီလိုနာက အိုလံပစ်ကွင်းမှာ ဂျီရိုနာကို စိတ်လှုပ်ရှားဖွယ် ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် နိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်တက်လှမ်းလာခဲ့ပါတယ်။ အခုပွဲစဉ်မှာ ကတ္တလန်ဒေသခံကလပ်အသင်းအတွက် အရန်ခုံမှထလာကာ နာကျင်အချိန်ပိုအနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အရူဂျိုက ဟီးရိုးတစ်ဦးဖြစ်ခဲ့ပါတယ်။
လီဝန်ဒေါစကီးနဲ့ ဖာရန်တောရက်စ်တို့ကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရချိန် ယာယီတိုက်စစ်မှူးအဖြစ် အရူဂျိုကို အသုံးပြုဖို့ ဆုံးဖြတ်ဖြစ်ပုံအကြောင်း ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ဖွင့်ဟပြောပြခဲ့ပါတယ်။ ဟန်စီဖလစ်ခ်က “ ကွင်းထဲမဝင်ခင် မင်းလုပ်နိုင်မလားဆိုပြီး အရူဂျိုကို ကျွန်တော် မေးမြန်းခဲ့ပါတယ်။ သူကလည်း yes လို့ ပြန်ဖြေပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့သွင်းဂိုးအတွက် ကျွန်တော် အလွန်ပျော်ရွှင်ကျေနပ်မိပါတယ်။ သူက ဘောလုံးအပေါ်ချစ်မြတ်နိုးစိတ်အပြည့်နဲ့ အမြဲတမ်းကစားပါတယ်”လို့ ပြောပါတယ်။
တစ်ဖက်တစ်ဂိုးစီသရေကျနေချိန် ပွဲချိန်မိနစ် ၆၀ ကျော်မှာ ပက်ဒရီ၊ လမိုင်းယာမယ်လ်တို့ကို လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့မှုနဲ့ပတ်သက်လို့ အတော်များများ အံ့အားသင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာစီလိုနာနည်းပြက ရေရှည်အတွက် စဉ်းစားနေခဲ့ခြင်း ဖြစ်ပါတယ်။ ဟန်စီဖလစ်ခ်က “ လမိုင်းယာမယ်လ်နဲ့ ပက်ဒရီတို့ရဲ့အခြေအနေတွေက ရှင်းလင်းလွန်းပါတယ်။ ကျွန်တော်တို့တွေ ကစားသမားတွေအပေါ် ဂရုစိုက်ပေးရပါမယ်။
တိုနီဖာနန်ဒက်ဇ်လည်း သူ့ရဲ့ပထမဆုံး ၄၅ မိနစ်တာကာလကို ပါဝင်ကစားခဲ့ပြီး ကျွန်တော်တို့အတွက် ကောင်းမွန်ခဲ့ပါတယ်။ ဒီပွဲစဉ်အတွက် မှန်ကန်တဲ့ဗျူဟာပိုင်းကို ချမှတ်နိုင်ခဲ့ပါတယ်။ ဖာမင်လိုပက်ဇ်လည်း ၄၅ မိနစ်လောက်ပဲ ကစားနိုင်ပါတယ်။ ကိုယ့်လုပ်ရမယ့်အရာအပေါ် ယုံကြည်မှုရှိရင် လုပ်ကိုလုပ်ရပါမယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့နှစ်ဝါတစ်နီပြစ်ဒဏ်ချမှတ်မှုနဲ့အတူ ဟန်စီဖလစ်ခ် ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲပြီးချိန်မှာတော့ သူက အခုဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာနည်းပြက သူတို့အသင်းအတွက် ပယ်နယ်တီအခွင့်အရေးတစ်ကြိမ် ငြင်းဆန်ခံရမှုနဲ့ ကူဘာစီရဲ့ ဒုတိယပိုင်းသွင်းဂိုး ပယ်ဖျက်ခံရမှုအကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ဟန်စီဖလစ်ခ်က “ ကျွန်တော်က ဘယ်သူ့ကိုမှမဆန့်ကျင်လိုပါဘူး။ ဒီဂျောင်ကို လက်ခုပ်တီးအားပေးမိလို့ ပထမအဝါကတ်ပြသခံရပါတယ်။ ဘာကြောင့်အဝါကတ်ပြသသလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် ဘယ်သူ့ကိုမှ မစော်ကားခဲ့ပါဘူး။ ဒိုင်လူကြီးကိုလည်း ဘာမှမပြောပါဘူး။ ကျွန်တော်က ကိုယ့်အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့တာပဲ ရှိပါတယ်။ အခုအချိန် အယ်လ်ကလက်စီကိုလွဲချော်မယ့်အကြောင်း မစဉ်းစားသေးပါဘူး။ ကွင်းလယ်ဒိုင်ကိုယ်တိုင်လည်း ကျွန်တော်နဲ့ ဘာမှမဆွေးနွေးခဲ့ပါဘူး။ ဒါကို ကျွန်တော် လက်ခံပါတယ်။ သူက ကွင်းလယ်ဒိုင်ပါ။
ကွင်းလယ်ဒိုင်က သူ့အလုပ်သူလုပ်ပြီး ကျွန်တော်တို့မှာ VAR ရှိပါတယ်။ ကွင်းလယ်ဒိုင်က ကွင်းတွင်းမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ပါတယ်။ ကျွန်တော်နဲ့မဆွေးနွေးချင်ဘူးဆိုတာလည်း သူ့ရဲ့ဆုံးဖြတ်ချက်ပါပဲ”လို့ ပြောပါတယ်။