The network connection is lost.

Banner Image

မက်ဆီထက်ပိုကောင်းလာနိုင်တယ်လို့ ဘာစီလိုနာစတားတစ်ဦးကို ခန့်မှန်းလိုက်တဲ့ မန်ချီနီ

ဘာစီလိုနာကင်းထောက် အန်ဒရီယာမန်ချီနီက လူငယ်စတား ယာမဲလ်ဟာ အားလုံးထက်သန်မာသလို မက်ဆီထက်တောင် ပိုကောင်းလာနိုင်တယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။ လာမာစီယာအကယ်ဒမီထွက်ကစားသမားလေး ယာမဲလ်ဟာ အသက် ၁၅ နှစ်အရွယ်စီနီယာကစားသမားဘဝစတင်ကတည်းက အာဂျင်တိုင်းသား မက်ဆီနဲ့ ခိုင်းနှိုင်းခံနေရတာဖြစ်ပါတယ်။

စပိန်သားဟာ ဆယ်ကျော်သက်အရွယ်မှာတင် Golden Boy ဆု နဲ့ ယူရို ၂၀၂၄ ဆုဖလားတွေကိုပါ ရယူထားနိုင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်သာရှိနေသေးပေမယ့် ယာမဲလ်ဟာ မက်ဆီရဲ့လောင်းရိပ်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အီတလီသားနည်းပြ ရောဘတ်တိုရဲ့သားဖြစ်သူ မန်ချီနီကတော့ အနာဂတ်မှာ တောက်ပလာမယ့်ကစားသမားတွေကို ရှာဖွေနေတာဖြစ်ပါတယ်။

ဒယ်လိုစပေါ့တ်သတင်းဌာနနဲ့အင်တာဗျူးမှာ ယာမဲလ်နဲ့ပတ်သက်ပြီး “ကျွန်တော် ယာမဲလ်လက်သစ်တွေရှာဖွေနေပါတယ်။ လာမယ့်  ၄ နှစ် ဒါမှမဟုတ် ၅ နှစ်လောက် လာမာစီယာကနေ ယာမဲလ်လိုကစားသမားမျိုးတွေ ထွက်ပေါ်လာဖို့ ပစ်မှတ်ထားနေပါတယ်။ နှစ်တိုင်း ဒီစိန်ခေါ်မှုနဲ့ ကြုံရပါတယ်။ ယာမဲလ်ကို ကြည့်လိုက်ပါ။ အဲ့တာက ပြောရတာလွယ်ပေမယ့် အခုဆို သူဒီမှာ ၃ နှစ်ရှိနေပါပြီ။ သူက အားလုံးထက် သန်မာလာသလို မက်ဆီထက်တောင် ပိုကောင်းလာနိုင်ပါတယ်။

တော်တော်များများလူငယ်လေးတွေက စီနီယာအသင်းမှာ ကစားချင်နေကြပါတယ်။ကျွန်တော် နာမည်တစ်ခုပြောရမယ်ဆိုရင် တိုနီဖာနန်ဒက်ဇ်ပါ။ သူက အသက် ၁၆ နှစ်ပဲရှိပါသေးတယ်။ သူပွဲဦးထွက်ပါဝင်ခွင့်ရရှိထားပြီးပါပြီ။ သူ့မှာ ချန်ပီယံဖြစ်နိုင်တဲ့အလားအလာအကုန်ရှိနေပါတယ်”လို့ မန်ချီနီက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာလူငယ်အကယ်ဒမီဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ဇာဗီ ၊ ဘက်စ်ကွက် ၊ အင်နီယေစတာ ၊ ပူယိုးလ် ၊ ဂါဗီ ၊ မက်ဆီစတဲ့နာမည်ကျော်တွေကို မွေးထုတ်ပေးထားခဲ့တာဖြစ်ပါတယ်။