
နူးကမ့်ကို ပြန်လည်တည်ဆောက်တာ နောက်ကျခဲ့ကြောင်း ဘာစီလိုနာတာဝန်ရှိသူတွေ ဝန်ခံ
ဘာစီလိုနာအမှုဆောင် ဖာရန်က အသင်းအနေနဲ့ နူးကမ့်ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ပြန်လည်တည်ဆောက်ခဲ့သင့်တာလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
သူ့မှတ်ချက်ဟာ ဘာစီလိုနာဥက္ကဌ လာပေါ်တာတစ်ယောက် နူးကမ့်ရဲ့ပရောဂျက်ဟာ ပရိသတ်တွေအတွက်အပြင် အနာဂတ်မျိုးဆက်အတွက်ပါ ဂန္ထဝင်မြောက်တယ်လို့ ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ နူးကမ့်ကွင်းဖွင့်ပွဲကို လပေါင်းများစွာနောက်ကျခဲ့ပြီးနောက် အခုလက်ရှိမှာ ဖွင့်လှစ်နိုင်ဖို့ မီးစိမ်းပြခဲ့ပြီဖြစ်ပါတယ်။
မြို့ကောင်စီဘက်က Phase 1A ကို အတည်ပြုခဲ့ပေမယ့် အသင်းဘက်က Lluis Companys အနေနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ဦးစားပေးရတာဖြစ်ပါတယ်။ အသင်းအတွင်းသတင်းတွေအရ နူးကမ့်ကွင်းပြန်လည်ဖွင့်လှစ်ဖို့ကို အပိုင်းလိုက်လုပ်ဆောင်ရဖွယ်ရှိနေပြီး လူများတဲ့အပိုင်းက ကြန့်ကြာနေဆဲဖြစ်ပါတယ်။
အဆိုပါအပိုင်းဟာ ဘာစီလိုနာအနေနဲ့ ဥရောကဘောလုံးပွဲတွေအတွက်လုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်ပေါင်း ၄၇၀၀၀ လောက်ဝင်ဆန့်နိုင်မှာဖြစ်ပါတယ်။ ပရိသတ်တော်တော်များများကတော့ Montjuic ကြန့်ကြာနေတာကို စိတ်ပျက်နေပေမယ့် အသင်းဘုတ်အဖွဲ့ကတာ့ အဆိုပါအပိုင်းဟာ ဘဏ္ဍာရေးပိုင်းဆိုင်ရာအပြင် ရေရှည်တည်မြဲဖို့အတွက် လိုအပ်တာကြောင့် စိတ်ရှည်ဖို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အခုလိုနောက်ကျတာဟာ အခြေခံတည်ဆောက်မှုစစ်ဆေးတာအပြင် နည်းပညာပိုင်းအရ ပြန်လည်မြှင့်တင်ဖို့ လိုအပ်တာတွေရှိနေတာကြောင့်လို့ သိရပါတယ်။ အမှုဆောင်အစည်းအဝေးအတွင်း ဘာစီလိုနာတာဝန်ရှိသူ ဖာရန်က နူးကမ့်တည်ဆောက်မှုကြာမြင့်တာနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ ဒီကွင်းကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ပြန်လည်တည်ဆောက်ခဲ့သင့်တာပါ။ ကျွန်တော်တို့ နောက်ကျခဲ့ပါတယ်။ အခုလိုလုပ်ဆောင်တာဟာ ကမ္ဘာပေါ်မှာရှိတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ပါ။
ကျွန်တော်တို့မှာ ကွင်းအမြတ်ငွေယူရို ၁၇၅ သန်းရှိပေမယ့် ကွင်းအသစ်လုပ်ဆောင်ခဲ့မယ်ဆိုရင် ယူရိုသန်း ၄၀၀ အထိ အမြတ်ငွေတိုးလာနိုင်ပါတယ်။ Spotify နူးကမ့်ကွင်းက ဘာစီလိုနာပရိသတ်တွေရဲ့အိပ်မက်ဖြစ်လာမှာဖြစ်သလို အနာဂတ်မျိုးဆက်အတွက်လည်း ဂန္ထဝင်တစ်ခုဖြစ်လာမှာပါ။ ကျွန်တော်တို့လည်း မြို့ကောင်စီနဲ့အတူလက်တွဲပြီး အမြန်ဆုံးကွင်းကို ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်နေပါတယ်။
မကြာခင်မှာ နူးကမ့်ကွင်းအသစ်ကြီးကို မြင်တွေ့ခွင့်ရတော့မှာပါ”လို့ ဖာရန်က ပြောကြားခဲ့ပါတယ်။ ကွင်းပြင်ပမှာတော့ ဘာစီလိုနာဟာ စပွန်ဆာလက်တွဲမှုအဖြစ် Spotify နဲ့ စာချုပ်သက်တမ်းတိုးထားခဲ့ပြီး ၂၀၃၀ အထိ ကနဦးစာချုပ်ရှိနေပေမယ့် ၂၀၃၄ အထိ ထပ်မံသက်တမ်းတိုးထားခဲ့ပါတယ်။