အနာဂတ်အသင်းခေါင်းဆောင်အဖြစ် ဘာစီလိုနာကွင်းလယ်လူငယ်ကြယ်ပွင့်ကို ရှုမြင်ထားတဲ့ လာပေါ်တာ
ပြင်းထန်ဒူးဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာအနားယူပြီးနောက် ဘာနယ်က စနေညပိုင်း၊ အလာဗက်စ်နဲ့ပွဲစဉ်အတွက် ဘာစီလိုနာရဲ့ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။
နှေးကွေးလေးလံတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ခဲ့ပေမယ့် ဘာစီလိုနာကတော့ ငယ်စဉ်ကတည်းကပင် လက်သပ်မွေးပြုစုပျိုးထောင်လာတဲ့ လာမာစီယာထွက်လူငယ်လေးအပေါ် ယုံကြည်မှုကို ဘာအကြောင်းပြချက်နဲ့မှ မရပ်တန့်ထားခဲ့ပါဘူး။ ဒါကြောင့်ပဲ ဘာစီလိုနာက ဘာနယ်ကိုယ်တိုင် ကွင်းတွင်းပြန်မဝင်ရောက်မီ နည်းပြအဖွဲ့နဲ့ ဟန်စီဖလစ်ခ်တို့ရဲ့ သဘောတူညီမှုအရ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။
လတ်တလောမှာ ဘာနယ်ရဲ့အကြီးစားပရိသတ်တစ်ဦးဖြစ်နေတဲ့ ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာက ကွင်းလယ်ပါရမီရှင်ကလေးကို အနာဂတ်အသင်းရဲ့ကပ္ပတိန်တစ်ဦးအဖြစ် ရှုမြင်လာတယ်လို့ SPORT သတင်းဌာနရဲ့အဆိုအရ သိရပါတယ်။ “ အရာအားလုံးသာ ငါတို့လိုချင်တဲ့ပုံစံအတိုင်းဖြစ်လာမယ်ဆိုရင် တစ်နေ့မှာ မင်းက ဘာစီလိုနာရဲ့ကပ္ပတိန်တစ်ဦး ဖြစ်လာလိမ့်မယ်”လို့ ကလပ်အသင်းဥက္ကဋ္ဌက စာချုပ်သက်တမ်းတိုးမြှင့်ချိန် ဆယ်ကျော်သက်ကြယ်ပွင့်ဆီ ပြောကြားခဲ့ပါတယ်။