
ဆုဖလားတွေ ဆွတ်ခူးနိုင်မှသာ ထူးရှယ်ဖြစ်ပါလိမ့်မယ်လို့ ပြောလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က အင်္ဂလန်မြေဗွေဆော်ဦးဘောလုံးရာသီမှာတင် သူ့အတွက် ပထမဆုံးအကြိမ်ဖိုင်နယ်ပွဲစဉ်တစ်ခုဆီ တက်ရောက်နိုင်ခဲ့လို့ ဝမ်းသာနေပေမယ့် ဆုဖလားတွေ ဆွတ်ခူးနိုင်မှသာ ထူးရှယ်ဖြစ်ပါလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ကြိုးကြာနီတွေက ကာရာဘောင်းဖလားဆီမီးဖိုင်နယ်(ဒုတိယအကျော့)မှာ တော့တင်ဟမ်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူပြီး ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ယာဂန်ကလော့ပ်လက်အောက်မှာ ကာရာဘောင်းဖလားချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအသင်းက လာမယ့် မတ် ၁၆ ရက်၊ ဝင်ဘာလေကွင်းဗိုလ်လုပွဲမှာလည်း နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒါကြောင့် အသက်-၄၆ နှစ်အရွယ် ဒတ်ချ်လူမျိုးဖီယင်နုနည်းပြဟောင်းကလည်း ပထမဆုံးဝင်ဘာလေကွင်းအတွေ့အကြုံကို ခံစားသွားရဖို့ ရှိနေပါတယ်။
ဒီကွင်းကြီးမှာပဲ ၁၉၉၂ ခုနှစ် ဥရောပဖလားဗိုလ်လုပွဲအဖြစ် ဘာစီလိုနာက ဆမ်ဒိုးရီးယားကို ၁-၀ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့ဖူးပါတယ်။ BBC Radio 5 Live နဲ့တွေ့ဆုံချိန် ၁၉၉၂ ခုနှစ် ဝင်ဘလေကွင်းဥရောပဖလားဗိုလ်လုပွဲကို ရည်ညွှန်းပြီး အန်းစလော့က “ ရော်နယ်ကိုးမန်း၊ ဘာစီလိုနာ၊ ဂျိုဟန်ခရိုက်ဖ်တို့အတွက် ဝင်ဘလေကွင်းကြီးက ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို ကျွန်တော်တို့ ဒတ်ချ်လူမျိုးတွေအားလုံး သိကြပါတယ်။
ဒီကွင်းကြီးဆီသွားရမယ့်ခရီးက ထူးရှယ်ဖြစ်သလို ဒီကွင်းကြီးရဲ့ဂန္တဝင်မြောက်မှုကိုလည်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဆုဖလားတွေရရှိခြင်းကသာ တစ်ခုတည်းသောထူးရှယ်အဆုံးသတ်ဖြစ်ပါလိမ့်မယ်။ နယူးကာဆယ်လို အထင်ကြီးလောက်စရာကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဘယ်လောက်အထိခက်ခဲမလဲဆိုတာ ကျွန်တော်တို့ သိကြပါတယ်”လို့ ပြောပါတယ်။
အန်းစလော့က ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ဖီယင်နုနဲ့အတူ NEC ကို ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ဒတ်ချ်ဖလားချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ဖူးပါတယ်။ အန်းစလော့က “ဖိုင်နယ်ပွဲစဉ်တစ်ခုကစားရတာ အမြဲလိုလိုပျော်စရာကောင်းပါတယ်။ အသင်းတိုးတက်လာဖို့အတွက်လည်း ကျွန်တော်တို့တွေ နေ့စဉ်နေ့တိုင်း ကြိုးစားပါတယ်။ ကစားသမားတွေကလည်း သူတို့ကိုယ်သူတို့ တိုးတက်လာစေဖို့ အပြင်းအထန်ကြိုးစားကြရုံသာမက အဆုံးသတ်မှာ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့နဲ့ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားကြပါတယ်”လို့ ပြောပါတယ်။
လီဗာပူးနည်းပြအဖြစ် ၃၇ ပွဲတာဝန်ယူပြီးချိန် နိုင်ပွဲ ၂၉ ပွဲ၊ ရှုံးပွဲ ၃ ပွဲဖြင့် အထင်ကြီးလောက်စရာ စွမ်းဆောင်ထားနိုင်တဲ့ အန်းစလော့အတွက် တော့တင်ဟမ်ကို အနိုင်ယူခဲ့တဲ့ ကာရာဘောင်ဖလားဒုတိယအကျော့ပွဲစဉ်က ကြိုးကြားနီပဲ့ကိုင်ရှင်ဘ၀ အခုအချိန်အထိ အကောင်းဆုံးပွဲစဉ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အန်းစလော့က “ ကျွန်တော်တို့အတွက် တကယ်ကောင်းမွန်တဲ့ပွဲစဉ်တွေ ရှိခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲတစ်ခုဆီတက်ရောက်ခြင်းဆိုတာကလည်း ထူးရှယ်ဖြစ်သင့်ပါတယ်။ ဒါကလည်း ဒီလိုပါပဲ။ ဒါကြောင့် အဲ့ဒီလိုရှုထောင့်မျိုးမှကြည့်မယ်ဆိုရင် အခုပွဲစဉ်က လုံးဝကို ထူးရှယ်ညနေခင်းအခိုက်အတန့်လေး ဖြစ်ပါတယ်”လို့ ပြောပါတယ်။