ဂျီးဆပ်ရဲ့ဒဏ်ရာပြဿနာက စိုးရိမ်စရာဖြစ်ကြောင်း အသိပေးလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယမန်နေ့ညက ယူနိုက်တက်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အသင်းရဲ့တောင်ပံကစားသမား ဂါဘရီယယ်ဂျီးဆပ်ရ့ဒဏ်ရာအခြေအနေဟာ စိုးရိမ်စရာဖြစ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဂျီးဆပ်ဟာ ပထမပိုင်းပြီးတဲ့အထိတောင် ကစားနိုင်ခဲ့ခြင်းမရှိဘဲ ပွဲကစားချိန် မိနစ် ၄၀ အရောက်မှာပဲ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးသားဟာ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ထိခိုက်မိခဲ့တာဖြစ်ပြီး ဒူးဒဏ်ရာရရှိခဲ့ပုံပေါ်ပါတယ်။
ယခုအခါမှာ အာတီတာက “အရမ်းစိုးရိမ်ရတဲ့အခြေအနေပါ။ သူကွင်းထဲကနေ ထွက်ခွာလာချိန်မှာ အတော်လေးနာကျင်နေပုံရပါတယ်။ ဒူးခေါင်းဒဏ်ရာဖြစ်ပြီး အခြေအနေမကောင်းပါဘူး” လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အဆိုပါဒူးဒဏ်ရာဟာပြီးခဲ့တဲ့ရာသီက ကြုံတွေ့ခဲ့ရတဲ့ ဒူးဒဏ်ရာနဲ့ တူညီမှုရှိသလားလို့မေးမြန်းခဲ့ရာ စပိန်သားက “မဟုတ်ပါဘူး။ အခြားတစ်ခုဖြစ်မယ်ထင်ပါတယ်။ သူ့ကိုကြည့်ရတာလည်း စိုးရိမ်နေပုံပါပဲ။ ကွင်းထဲကထွက်ချိန်မှာ သူ့ရဲ့နာကျင်မှုကိုမြင်တွေ့ခဲ့ရပါတယ်” လို့ဖြေကြားခဲ့ပါတယ်။
ယူနိုက်တက်ကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတဲ့အတွက် အလွန်ဝမ်းနည်းကြောင်းကိုလည်း အာတီတာက “ကျွန်တော်တို့ဒီပွဲကို သေချာပေါက်အနိုင်ကစားမယ်လို့ဆုံးဖြတ်ထားလို့ ဒီရလဒ်က ဝမ်းနည်းစရာပါ။ ကျွန်တော်တို့မှာ အနိုင်ရဖို့အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ အိမ်ကိုဝမ်းနည်းမှုတွေနဲ့ပြန်ခဲ့ရပေမယ့် ကစားသမားတွေအတွက် ဂုဏ်ယူနေပါတယ်။ အသင်းလိုက်ရော တစ်ဦးချင်းအနေနဲ့ရောဂုဏ်ယူပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အာတီတာဟာ ဂျီးဆပ်အနေနဲ့ ဘယ်လောက်အထိအနားယူသွားရမယ်ဆိုတာ အတိအကျပြောကြားနိုင်ခြင်းမရှိသေးဘဲ အသက်-၂၇ နှစ်အရွယ်ကစားသမားအနေနဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့အာဆင်နယ်အတွက် ဂိုးပျောက်ပြန်လည်တွေ့ရှိနေတဲ့ ဂျီးဆပ်ကို ထပ်မံဆုံးရှုံးလိုက်ရခြင်းက နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာဖို့ရှိနေပါတယ်။