
မွန်တာရေးအသင်းထံပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ ဆာဂျီယိုရာမို့စ်
ရီးရဲလ်အသင်းနောက်ခံလူဟောင်း ရာမို့စ်တစ်ယောက် မက္ကဆီကိုကလပ် မွန်တာရေးအသင်ထံပြောင်းရွှေ့ခဲ့ပြီလို့ သိရပါတယ်။ပြီးခဲ့တဲ့နွေရာသီတုန်းက ဆီဗီလာအသင်းကနေထွက်ခွာပြီးနောက် စပိန်သားဟာ နောက်ထပ်ကစားသမားဘဝအသစ် စတင်ခဲ့တာဖြစ်ပါတယ်။
ရာမို့စ်တစ်ယောက် မွန်တာရေးအသင်းမှာ ကျောနံပတ် ၉၃ ဝတ်ဆင်မှာဖြစ်ပြီး အဆိုပါနံပတ်ဟာ ၂၀၁၄ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အချိန်ပိုခေါင်းတိုက်ဂိုးသွင်းခဲ့တဲ့အချိန်ကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ရီးရဲလ်အသင်းဟာ အဆိုပါဖိုင်နယ်ပွဲမှ တီကိုအသင်းကို ပွဲကစားချိန် ၉၃ မိနစ်မှာ ရာမို့စ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ အနိုင်ယူကာ ၁၀ ကြိမ်မြောက် ဥရောပဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်အသင်းတရားဝင်ပေ့ချ်မှာလည်း အသင်းခေါင်းဆောင်ဟောင်းထံ နွေးထွေးတဲ့မက်ဆေ့ချ်တစ်ခု တင်ထားခဲ့ပါတယ်။“ရီးရဲလ်အသင်းပရိသတ်တွေအားလုံးက ခင်ဗျားပြောင်းလဲပေးခဲ့တဲ့သမိုင်းမှတ်တိုင်တွေကို သတိတရရှိနေပါတယ်။ အမြဲတမ်းလည်း ကျေးဇူးတင်နေမှာပါ ရာမို့စ်ရေ။ ကံကောင်းပြီး အောင်မြင်ပါစေ”လို့ တင်ထားခဲ့ပါတယ်။ ရာမို့စ်ဟာ ရီးရဲလ်အသင်းမှာ ၁၆ နှစ်ကြာဖြတ်သန်းခဲ့တာဖြစ်ပြီး လူငယ်ကစားသမားဘ၀ ဆီဗီလာအသင်းထံကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်အသင်းမှာ ရာမို့စ်တစ်ယောက် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ကာ ချန်ပီယံလိဂ် ၄ ကြိမ် ၊ လာလီဂါ ၅ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံစပိန်အသင်းမှာလည်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ၊ ၂၀၀၈ နဲ့ ၂၀၁၂ မှာ ယူရိုဖလားတွေရယူနိုင်ခဲ့ပါတယ်။ မွန်တာရေးအသင်းဟာ စပိန်သားဟောင်းကို ဆီဗီလာအသင်းထံကနေ ထွက်ခွာကတည်းက ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ သူ့ကို ပြီးခဲ့တဲ့နွေရာသီကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် သူ့ဘက်က မပြောင်းချင်ခဲ့သလို အခုဈေးကွက်မှာ ကျွန်တော်တို့ နောက်တစ်ကြိမ်ကြိုးစားခဲ့တာပါ။ အသင်းက သူ့ကိုလိုအပ်ပါတယ်။ သူ့မှာ အရည်အချင်းရှိသလို အသင်းကိုလည်း ဦးဆောင်နိုင်စွမ်းရှိနေပါတယ်”လို့ မွန်တာရေးအသင်းဥက္ကဌ အန်တိုနီယိုက ပြောကြားခဲ့ပါတယ်။
ရာမို့စ်ရောက်လာခဲ့တာကြောင့် မွန်တာရေးအသင်းလူအင်အားက တောင့်တင်းလာခဲ့သလို လာမယ့်ကလပ်ကမ္ဘာ့ဖလားအတွက်လည်း အားပြိုင်နိုင်တော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ရာမို့စ်တစ်ယောက် မွန်တာရေးအသင်းမှာ အသင်းဖော်ဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ပြန်လည်ပေါင်းဆုံမှာဖြစ်ပါတယ်။