
ရီးရဲလ်မက်ဒရစ်အတွက် ပွဲပေါင်း ၂၅၀ ပြည့်မြောက်ခဲ့တဲ့ ရိုဒရီဂို
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ရိုဒရီဂိုဟာ အသင်းအတွက် ပွဲပေါင်း ၂၅၀ အထိပြည့်မြောက်အောင်ကစားပေးထားနိုင်ခဲ့ပြီဖြစ်ပြီး ကစားသမားက အခုလို သမိုင်းဝင်မှတ်တိုင်တစ်ခုအတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ရီးရဲလ်မက်ဒရစ်မှာ ဗင်နီစီးယက်စ်၊ ဂျုဒ်ဘယ်လင်ဟမ်၊ ခီလီယန်အမ်ဘာပေတို့နဲ့နှိုင်းယှဉ်လိုက်ရင် ပုံရိပ်အရ အောင်မြင်မှုကြီးကြီးမားမားမရှိပေမယ့် အသင်းကို နောက်ကွယ်ကနေ အဓိက ကူညီနေတဲ့ကစားသမားစာရင်းမှာ ထိပ်ဆုံးကနေပါဝင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်ကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ဆက်လက်ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။
၂၀၁၉ ခုနှစ်မှာ ဆန်တီယာဂိုဘာနေဗျူးသို့စတင်ရောက်ရှိလာခဲ့တဲ့ ရိုဒရီဂိုဟာ ၂၀၂၂ ခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၂၀၂၃ ခုနှစ် ကိုပါဒယ်ရေးအောင်မြင်မှုတို့မှာ ရီးရဲလ်မက်ဒရစ်အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အသင်းသို့အမ်ဘာပေရောက်ရှိလာချိန်မှာတော့ ရိုဒရီဂိုအနေနဲ့ စပိန်မြေကိုစွန့်ခွာပြီး အသင်းသစ်နဲ့ချိတ်ဆက်တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဘာနေဗျူးမှာပဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပြကားလို့စ်အန်ဆယ်လော့တီကလည်း ဘရာဇီးသားကို အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ် ရှုမြင်ထားပြီး ပုံမှန်ပွဲထွက်ခွင့်ပေးနေတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အတွက် ပွဲပေါင်း ၂၅၀ ပြည့်မြောက်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ရိုဒရီဂိုက "ဒီမှတ်တမ်းက ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ်ရှိပါတယ်။ ဒါက ကျွန်တော်အိပ်မက်မက်ခဲ့တဲ့ မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။ ဒီထက်ပိုပြီး ရီးရဲလ်မက်ဒရစ်အတွက် ပွဲတွေ ပိုကစားချင်ပါသေးတယ်။ ဒီအသင်းကိုလာခဲ့တာ အောင်မြင်မှုနဲ့ဆုဖလားတွေရယူဖို့ပါ။ ဒါပေမယ့် ဒီလောက်မြန်မြန်ဆန်ဆန်နဲ့အောင်မြင်မှုတွေရခဲ့မယ်လို့ မထင်ခဲ့ပါဘူး။ချန်ပီယံလိဂ်ဖလား ၂ ကြိမ်အထိဆွတ်ခူးနိုင်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပါဘူး။ အသင်းမှာအရမ်းပျော်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒီရာသီမှာ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၃၃ ပွဲကစားပြီး ၁၂ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၈ ကြိမ်အထိပြုလုပ်ပေးထားနိုင်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်မလား စောင့်ကြည့်ရပါမယ်။