The network connection is lost.

Banner Image

လီဗာပူးကစားသမားသစ်အီဆက်ခ်အပေါ် ကာကွယ်ပြောဆိုလိုက်တဲ့ ယောကရက်စ်

အာဆင်နယ်တိုက်စစ်မှူးယောကရက်စ်က နယူးကာဆယ်မှ လီဗာပူးဆီ အငြင်းပွားဖွယ်ပြောင်းရွှေ့သွားတဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ အီဆက်ခ်ကို အပြည့်အဝထောက်ခံတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပေါင် ၁၂၅ သန်းတန် အီဆက်ခ်ရဲ့အပြောင်းအရွှေ့က အခုနွေရာသီကာလရဲ့စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အပြောင်းအရွှေ့ဇာတ်လမ်းတွေအနက်တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး အသင်းပြောင်းရွှေ့ရေးသဘောတူညီမှု မရရှိခင်အချိန်အထိ နယူးကာဆယ်အတွက် မကစားပေးဖို့ တိုက်စစ်မှူးကိုယ်တိုင် ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းက ပရိသတ်တွေနဲ့ ဘောလုံးသုံးသပ်သူတွေရဲ့ဝေဖန်မှုလှိုင်းလုံးအောက် ကျရောက်ခဲ့ပေမယ့် အခုအချိန်မှာတော့ အီဆက်ခ်အတွက် ဆွီဒင်လက်ရွေးစင်အသင်းဖော်ယောကရက်စ်ရဲ့ အပြည့်အ၀ အားပေးထောက်ခံမှု လူသိထင်ရှားထွက်ပေါ်လာခဲ့ပါတယ်။ ယောကရက်စ်က သူ့ရဲ့သူငယ်ချင်းကို ဂုဏ်ပြုခဲ့ပြီး အီဆက်ခ်ရဲ့ကစားသမားဘဝအတွက် မှန်ကန်ကောင်းမွန်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာလိမ့်မယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

အီဆက်ခ်အကြောင်းမေးမြန်းလာချိန် ယောကရက်စ်က “ အီဆက်ခ်ရောက်လာခါစဖြစ်လို့ ကျွန်တော်နဲ့ စကားအများကြီးမပြောခဲ့ရပါဘူး။ ကျွန်တော်က သူ့ကို အပြောင်းအရွှေ့အတွက် ဂုဏ်ပြုပါတယ်လို့ပဲ ပြောဖြစ်ခဲ့ပါတယ်။ ဒီထက်လည်း မပြောနိုင်ခဲ့ပါဘူး။ အမှန်ပါပဲ၊ အာဆင်နယ်အတွက် စပို့တင်းလစ္စဘွန်းမှ ထွက်ခွာလိုတဲ့ ကျွန်တော့်ရဲ့အခြေအနေအကြောင်း အစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။ ဒီအခြေအနေတွေက အတူတူတောင် ဖြစ်နိုင်ပါတယ်။ ကန့်လန့်ကာနောက်ကွယ်မှာ ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုတာ ခင်ဗျားတို့လည်း မသိကြပါဘူး။ အီဆက်ခ်ရဲ့ကိစ္စမှာလည်း ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်ကိုယ်တိုင်မသိလို့ ဒီအကြောင်းပြောပေးဖို့ဆိုတာ ကျွန်တော့်အတွက် ခက်ခဲလွန်းပါတယ်။ 

ကလပ်အသင်းတစ်ခုအတွက် ကစားသမားတစ်ဦးက မကစားပေးချင်တော့ဘူးဆိုရင် အခြေအနေတွေက လုံးဝဆန့်ကျင်ဘက်ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။ ကစားသမားမှာ ဘာအခွင့်အာဏာမှ မရှိပါဘူး။ ကလပ်အသင်းဘက်ကပဲ ကစားသမားနဲ့အတူ သူတို့လုပ်ချင်သမျှအရာတွေကို လုပ်ကိုင်နိုင်ပါတယ်။ ခက်ခဲလွန်းတယ်ဆိုပေမယ့် အခြေအနေတွေက အဲ့ဒီအတိုင်းပဲ ဖြစ်နေပါတယ်”လို့ ပြောပါတယ်။

ယော်ကရက်စ်ရဲ့ အာဆင်နယ်ဆီ အခုနွေရာသီပြောင်းရွှေ့မှုဇာတ်လမ်းကလည်း အီဆက်ခ်ရဲ့ အန်ဖီးလ်ဇာတ်လမ်းနဲ့ ပုံစံတူဖြစ်ခဲ့ပါတယ်။ သတင်းတွေအရ အသက်-၂၇ နှစ်အရွယ်ကစားသမားက ရာသီကြိုကာလအတွက် စပို့တင်းလစ္စဘွန်းနဲ့ပူးပေါင်းဖို့ ငြင်းဆန်ခဲ့ပြီး အသင်းပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးမှာတော့ အီဆက်ခ်လိုပဲ သူလည်း အလိုဆန္ဒ ပြည့်ဝသွားခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရင်ဆိုင်တိုက်ပွဲဝင်မှုမတိုင်ခင် နိုင်ငံ့လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားရဖို့ ရှိနေပါတယ်။

အီဆက်ခ်ကတော့ ၂၀၂၆ ခုနှစ်မတိုင်ခင်အထိ ပရီးမီးယားလိဂ်မှာ တစ်နိုင်ငံတည်းသားယော်ကရက်စ်နဲ့ ဆုံတွေ့ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အဲ့ဒီအစား သူတို့နှစ်ဦးလုံးက ဆလိုဗန်နီးယား၊ ကိုဆိုဗိုတို့နဲ့ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်နှစ်ခုမှာ အတူတွဲဖက်ကစားသွားရပါလိမ့်မယ်။