
အာလင်းဟာလန်းအဆင့်သို့ ရောက်ရှိနိုင်တယ်လို့ ထောက်ခံခြင်းခံထားရတဲ့ ယူနိုက်တက်ကြယ်ပွင့်
ဆလိုဗေးနီးယားလက်ရွေးစင် တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကိုဟာ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ အာရ်ဘီ လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၇၄ သန်းနဲ့ ရူဘင် အမ်မိုရင့်ရဲ့ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အတွက် ၈၇ ပွဲမှာ ၃၉ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီကတော့ ပြိုင်ပွဲစုံမှာ ၂၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဆက်စ်ကိုအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပေးခဲ့ပေမဲ့ ယူနိုက်တက်အသင်းမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ကစားခွင့် မရရှိသေးပါဘူး။ သူ ပွဲထွက်ကစားခွင့်ရခဲ့တာကတော့ ကာရာဘောင်းဖလားမှာ လိဂ်တူးကလပ် ဂရမ်စ်ဘီ တောင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။
အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဆက်စ်ကိုရဲ့ ခြေစွမ်းမပြနိုင်သေးတဲ့အပေါ် တချို့က ဝေဖန်မှုတွေရှိနေပြီး ယူနိုက်တက်ကွင်းလယ်လူဟောင်း နစ်ကီ ဘတ်ကလည်း သူ့ကိုခေါ်ယူခဲ့တဲ့ငွေတွေကို ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီးသား အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးအတွက် သုံးသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အာရ်ဘီ ဆဲလ်ဘတ်အသင်းမှာ ဆက်စ်ကိုရဲ့ နည်းပြဟောင်းဖြစ်တဲ့ ရီနီ အော့ဖ်ဟဆာကတော့ တိုက်စစ်မှူးဟာ သူ့ရဲ့အရည်အချင်းကို မကြာခင်မှာ သက်သေပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဩစတြီးယားလက်ရွေးစင်ဟောင်း အော့ဖ်ဟဆာက ဆက်စ်ကိုဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ခံစစ်တွေကို အလဲထိုးနေတဲ့ တိုက်စစ်မှူး ဟာလန်းရဲ့ အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ “အာလင်း ဟာလန်းကိုတော့ ကျွန်တော် ၁၀ မှတ်ပေးမှာပါ” လို့ အော့ဖ်ဟဆာက Sky Sports ကို ပြောကြားခဲ့ပါတယ်။ “ဟာလန်းက အံ့မခန်းတိုက်စစ်မှူးတစ်ဦးလို့ ကျွန်တော်ထင်ပါတယ်။ ဘန်ဂျီ ဆက်စ်ကိုကတော့ လက်ရှိအခြေအနေမှာ ၉ မှတ်ကနေ ၉.၅ မှတ်လောက်ပေးနိုင်ပါတယ်”
“သူ့မှာ အလားအလာရှိပါတယ်။ နောက်ထပ် ၁ နှစ် ဒါမှမဟုတ် ၂ နှစ်အတွင်းမှာ သူတိုးတက်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” “ဟာလန်းက ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ အနေအထားတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။ ဘန်ဂျီ ဆက်စ်ကိုလည်း တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ဒီအနေအထားကို ရောက်ရှိလာမှာပါ။ ဒါပေမဲ့ ဟာလန်းကတော့ ထိပ်တန်းပါပဲ။ ကျွန်တော့်ဆီကနေ ၁၀ မှတ်ရရှိခဲ့ပါတယ်” လို့ အော့ဖ်ဟဆာက ပြောကြားခဲ့ပါတယ်။
ဆလိုဗေးနီးယားတိုက်စစ်မှူး ဆက်စ်ကိုဟာ တနင်္ဂနွေနေ့ အီတီဟတ်ဒ်ကွင်းမှာ ကစားမယ့် မန်ချက်စတာမြို့ခံနှစ်သင်း ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲမှာ ဟာလန်းနဲ့ ယှဉ်ပြိုင်ပြီး သူ့ရဲ့ အရည်အချင်းတွေကို ပြသနိုင်ဖို့ အခွင့်အရေးရရှိမှာပါ။ ဂျာမနီကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အရည်အချင်းတွေနဲ့ အသားကျဖို့ အချိန်ယူနေရတယ်လို့ ယူနိုက်တက်တိုက်စစ်မှူးက ဝန်ခံခဲ့ပါတယ်။
“ပွဲစဉ်တွေရဲ့ အဆင့်ကတော့ အများကြီး မြင့်မားပါတယ်” လို့ ဆက်စ်ကိုက ဆလိုဗေးနီးယားအခြေစိုက် Ekipa သတင်းစာကို ပြောကြားခဲ့ပါတယ်။ “အင်္ဂလိပ်ဘောလုံးလောကက ကမ္ဘာ့အဆင့်အမြင့်ဆုံးအဆင့်မှာ ရှိနေတာကိုလည်း သိပါတယ်” “ဒါပေမဲ့ ကျွန်တော်လာမယ့်အချိန်အတွက် အရမ်းမျှော်လင့်နေပါတယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ကျွန်တော်ပိုကောင်းလာပြီး ပိုမြန်လာလို့ပါ။ ဒါ့အပြင် ကျွန်တော့်ရဲ့ ဘောလုံးစိတ်ဓာတ်ကလည်း နေ့တိုင်းတိုးတက်လာပါတယ်” လို့ ဆက်စ်ကိုက ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ ကစားမယ့် ဒါဘီပွဲစဉ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ “ဒီပွဲက မယုံနိုင်လောက်အောင် ကြီးမားတဲ့ပွဲပါ။ ဒီပွဲကို အနိုင်ရရှိဖို့အတွက် နှစ်သင်းစလုံးအပေါ် ဖိအားတချို့တော့ ရှိနေမှာပါ။ ဒီပွဲကစားဖို့တော့ အချိန်အများကြီးလိုပါသေးတယ်။ ဒါပေမဲ့ ထိပ်တန်းပွဲစဉ်တစ်ခုအတွက် ကျွန်တော်တို့ စိတ်အားထက်သန်နေပါတယ်” လို့ ဆက်စ်ကိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။