
နယူးကာဆယ်ကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် နောက်ခံလူ အားမက်စ်ကို အာမိုရင် ချီးကျူး
တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ်ကို ၄-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် အသင်းနည်းပြ ရူဘင်အာမိုရင်ကတော့ လူငယ်နောက်ခံကစားသမားလေး ဟယ်ရီအားမက်စ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ အသက်-၁၈ နှစ်အရွယ်လူငယ်ကစားသမားလေးကို ပထမဆုံးအကြိမ် ပွဲထုတ်အသုံးပြုခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၅၅ မိနစ်မှသာ လူစားလဲခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အတွက်ဦးဆောင်ဂိုးကို တိုနာလီ သွင်းယူပြီးနောက်မှာ ဂါနာချိုက ယူနိုက်တက်အတွက် ပထမပိုင်းအတွင်းပြန်လည်ချေပခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၃ ဂိုးအထိထပ်မံခွင့်ပြုခဲ့ရလို့ ယူနိုက်တက်တို့ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ယခုရှုံးပွဲကြောင့်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာသို့ကျဆင်းသွားခဲ့ပြီး ကျန်တဲ့ ၆ ပွဲစလုံးအနိုင်ရရှိပါကလည်း ကလပ်သမိုင်းတစ်လျှောက် ရမှတ်အနည်းဆုံး ပရီးမီးယားလိဂ်ရာသီနဲ့ ကြုံတွေ့သွားရတော့မှာဖြစ်ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "ကျွန်တော်တို့ ဒုတိယပိုင်းမှာ ဒုတိယဂိုးခွင့်ပြုလိုက်ရတော့ အတော်လေး ခြေကျသွားပါတယ်။ ဒီလိုအခြေအနေမှာ ပွဲကိုထိန်းချုပ်နိုင်ဖို့လိုပါတယ်။ နယူးကာဆယ်က အရမ်းကောင်းတဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့အမှားတွေကြောင့်ပဲ သူတို့အနိုင်ရဖို့အခွင့်အရေးရခဲ့တာပါ"
"ကျွန်တော်တို့ ဒီပုံစံအတိုင်းပဲဆက်သွားနေဦးမှာဖြစ်ပြီး နောက်ပွဲအတွက် အာရုံစိုက်သွားရပါမယ်။ လာမယ့်ပွဲက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်ကစားပြီး နိုင်ပွဲဖော်ဆောင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အသင်းအတွက် ပထမဆုံးအကြိမ်ပွဲထွက်ကစားကာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲထွက်ကစားခွင့်ရတဲ့ စတုတ္ထမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာတဲ့ အားမက်စ်ကိုလည်း အာမိုရင်က ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက "သူအတော်လေးကောင်းခဲ့တယ်လို့ထင်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ကွင်းကြီးထဲမှာ သူ့ရဲ့ပထမဆုံး ပွဲထွက်ကစားခွင့်ကို စတင်ခဲ့ရလို့ အရမ်းခက်ခဲခဲ့မှာပါ။ ဒီလိုလူငယ်ကစားသမားတွေကို ကျွန်တော်တို့ ကူညီသွားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။