ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနည်းပြဖြစ်လာတဲ့ ဟာဇီလာ
ဘရိုက်တန်အသင်းဟာ ဖာဘီယန်ဟာဇီလာကို အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာကြောင့် အသက်-၃၁ နှစ်အရွယ်သာရှိသေးတဲ့ အမေရိကန်သားဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလမှာ အသင်းကနေထွက်ခွာသွားခဲ့တဲ့ ရော်ဘတ်တိုဒီဇာဘီနေရာမှာ အစားထိုးခန့်အပ်ဖို့ ဘရိုက်တန်က နည်းပြသစ်ရှာဖွေနေခဲ့ပြီး ယခုအခါမှာတော့ ဟာဇီလာကို ၃ နှစ်စာချုပ်နဲ့ နည်းပြအဖြစ် တရားဝင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြသစ်ဟာ ဘရိုက်တန်နဲ့ ပူးပေါင်းဖို့ပြင်ဆင်နေပြီး မကြာမီမှာပဲ စတင်တာဝန်ယူကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။
ဟာဇီလာမတိုင်ခင် ပရီးမီးယားလိဂ်ရဲ့အသက်အငယ်ဆုံးနည်းပြဟာ ခရစ်ကိုးလ်မန်းဖြစ်ပြီး အသက်-၃၂ နှစ်အရွယ်သာရှိသေးပေမယ့် ၂၀၀၃ ခုနှစ်မှာ ဖူလ်ဟမ်ကို တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ယခုအခါ ဘရိုက်တန်ဥက္ကဌ တိုနီဘလွန်းမ်က “ကျွန်တော်တို့ နည်းပြသစ်ရှာဖွေနေတဲ့ လုပ်ငန်းစဉ်စတင်ကတည်းက ဖာဘီယန်က ကျွန်တော်တို့ အကြိုက်နည်းပြဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာလည်း သူကပြောင်ပြောင်မြောက်မြောက် အလုပ်လုပ်ထားနိုင်ပါတယ်။ သူ့မှာ ဘရိုက်တန်နဲ့လိုက်လျောညီထွေရှိတဲ့ ကစားဟန်ရှိတာကြောင့် အသင်းပရိသတ်တွေအတွက် သဘောကျလောက်မယ့် နည်းပြတစ်ဦးဖြစ်မယ်လို့ ယုံကြည်ပါတယ်” လိလိလို့ပြောကြားခဲ့ပါတယ်။
ဖာဘီယန်ဟာဇီလာဟာ အလွန်ကောင်းမွန်တဲ့ နည်းပြမျိုးရိုးရှိပြီး အသက်အရွယ်အုပ်စုအဆင့်အမျိုးမျိုးမှာ ဂျာမန်အသင်းနဲ့ လက်တွဲလုပ်ဆာင်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာသွားခဲ့တဲ့ ဒီဇာဘီနေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေခဲ့ပြီး အသင်းရဲ့နည်းပြဟောင်း ဂရေဟမ်ပေါ်တာအပါအဝင် စတိဗ်ကူပါ၊ ဟန်းနရစ်ခ် တို့နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။
ဟာဇီလာဟာ တက္ကဆက်ပြည်ဖွား အမေရိကန်-ဂျာမန်နိုင်ငံသားတစ်ဦးဖြစ်ပြီး စိန့်ပေါ်လီအသင်းမှာ အသင်းသမိုင်းတစ်လျှောက် အသက်ငယ်ဆုံးနည်းပြအဖြစ် အသက်-၂၉ နှစ်အရွယ်မှာပဲ တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ ကစားသမားဘဝမှာတော့ ဟာဇီလာဟာ ဘိုင်ယန်မြူးနစ်အရန်အသင်းမှာကစားခဲ့ဖူးပြီး ဟော့ဖန်ဟိမ်းနဲ့ ၁၈၆၀ မြူးနစ်အသင်းတွေမှာလည်း ကျင်လည်ခဲ့ဖူးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟာဇီလာဟာ ဘရိုက်တန်သို့ လာရောက်ပြီး ဒီဇာဘီရဲ့နည်းစနစ်တွေကိုလေ့လာခဲ့ကာ အသင်းရဲ့စနစ်တွေကို အတော်လေး လေစားခဲ့တယ်လို့သိရပါတယ်။