ယူနိုက်တက်ပရိသတ်တွေ ဇက်ခ်ဇီအပေါ်မှာ ယုံကြည်မှုရှိနေပြီလို့ ပြောကြားလာတဲ့ မက်ဂွါရီ
မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ အသင်းဖော်တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီကို အသင်းရဲ့ပရိသတ်တွေက ယုံကြည်မှုရရှိနေပြီဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဘိုလော့ဂ်မှာ ယူနိုက်တက်သို့ ပြောင်းရွှေ့ကြေးပေါင် ၃၆.၅ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ဇက်ခ်ဇီဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး ၂၉ ပွဲကစားထားရာမှာ ၄ ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။
ဒါကြောင့် နယ်သာလန်လက်ရွေးစင်ဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ထားရသလို ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ပြစ်တင်ပြောဆိုမှုတွေလည်း ခံထားရပြီး ယခုဆောင်းရာသီဈေးကွက်မှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာရတော့မယ်လို့ ယူဆခံထားရပါတယ်။ သတင်းတွေအရ ဇက်ခ်ဇီကိုခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ချေအရှိဆုံးမှာ ဂျူဗင်တပ်စ်ဖြစ်နေတယ်လို့ သိရပြီး လက်ရှိဂျူဗင်စ်ကိုကိုင်တွယ်နေတဲ့ သီယာဂိုမော့တာဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာမှာ နယ်သာလန်သားနဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အာဆင်နယ်ကိုအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာတော့ ဇက်ခ်ဇီဟာ ခြေစွမ်းပြသနိုင်ခဲ့တဲ့အပြင် အသင်းအတွက်နောက်ဆုံး ပင်နယ်တီသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ပရိသတ်အားပေးထောက်ခံမှုပြန်လည်ရရှိထားခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီး ဇက်ခ်ဇီနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ မက်ဂွါရီက “ကျွန်တော့်အနေနဲ့လည်း ဒီအသင်းမှာ ခက်ခဲတဲ့အချိန်တွေကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုကတော့ ယူနိုက်တက်ပရိသတ်တွေက ကျွန်တော်တို့ကို အားပေးဖို့အသင့်ပါပဲ။ နယူးကာဆယ်နဲ့ပွဲမှာ ဇက်ခ်ဇီစောစောစီးစီးထုတ်ပယ်ခံလိုက်ရတာက ကံမကောင်းရုံသက်သက်ပါပဲ။ ကစားသမား ၁၁ ယောက်ထဲကမှ ၁ တစ်ယောက်တည်းကွက်ပြီး လူစားလဲခံရတာက အတော်လေးတော့ဆိုးပါတယ်။ အဲဒီပွဲမှာ ပရိသတ်တွေကလည်း ကျွန်တော်တို့ကိုလှောင်ပြောင်ခဲ့ကြပြီး ကျွန်တော်တို့ကလည်း အဲဒါနဲ့ထိုက်တန်ခဲ့ပါတယ်”
“ဒါပေမယ့် ဇက်ခ်ဇီလူစားလဲခံခဲ့ရတာက နည်းပြရဲ့ နည်းဗျူဟာကြောင့်ပါပဲ။ ကိုဘီမိုင်နူးဝင်လာချိန်မှာ ကျွန်တော်တို့ကစားပုံကအများကြီးတိုးတက်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဇက်ခ်ဇီအနေနဲ့ စိတ်ပျက်နေခဲ့ပုံရပါတယ်။ တကယ်လည်း စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ သူနောက်ဆုံးပင်နယ်တီကို တည်တည်ငြိမ်ငြိမ်နဲ့အဆုံးသတ်ပြီး သူ့ကိုယ်သူသက်သေပြသနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဇက်ခ်ဇီအနေနဲ့ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်လာနိုင်မလား စောင့်ကြည့်ရပါမယ်။