ပါရီအိုလံပစ်ပြိုင်ပွဲဝင်သွားမယ့် အာဂျင်တီးနားအသင်းမှာ ဘာကြောင့်မပါဝင်တာလဲ ရှင်းပြလိုက်တဲ့ မက်ဆီ
အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီက လာမယ့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲအတွက် အာဂျင်တီးနားဘောလုံးအသင်းမှာ ပါဝင်မှာ မဟုတ်တဲ့အကြောင်းနဲ့ ဘာကြောင့် မပါဝင်သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပသွားမယ့် အိုလံပစ်ပြိုင်ပွဲအတွက် အာဂျင်တီးနား ယူ-၂၃ နည်းပြ ဂျာဗီယာမာရှေယာနိုဟာ လက်ရွေးစင်အသင်းမှ ကစားသမား ၃ ဦး ခေါ်ယူခွင့်ရှိနေတာကြောင့် ဘောလွန်းဒီအော် ၈ ဆုရှင် မက်ဆီကိုလည်း ထည့်သွင်းလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ သို့သော်လည်း ယခုအခါ မက်ဆီကတော့ သူ့အနေနဲ့ အိုလံပစ်ပြိုင်ပွဲမှာပါဝင်ဖို့မဖြစ်နိုင်ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ မက်ဆီက “ကျွန်တော် အိုလံပစ်မှာ မပါဝင်နိုင်တဲ့အကြောင်း မာရှေယာနိုနဲ့ ပြောခဲ့ပြီးပါပြီ။ အခြေအနေကို ကျွန်တော်တို့ ၂ ယောက်စလုံးနားလည်ပါတယ်။ အခုချိန်မှာ ကိုပါအမေရိကပြိုင်ပွဲရှိနေလို့ အိုလံပစ်အကြောင်းစဉ်းစားရတာက အရမ်းခက်ပါတယ်။ တကယ်လို့ အိုလံပစ်မှာသာ ဆက်ကစားလိုက်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ကလပ်နဲ့ ၃ လလောက်ဝေးကွာသွားမှာပါ။ ပြီးတော့ ကျွန်တော့်အသက်အရွယ်က အကုန်လုံးမှာ လိုက်ကစားလို့ရတဲ့အခြေအနေ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဂရုစိုက်ပြီး ရွေးချယ်ရပါတယ်။ ပြိုင်ပွဲကြီး ၂ ခုလုံးကို ဆက်တိုက်ကစားရမယ်ဆိုရင် အရမ်းလွန်သွားပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ မာရှေယာနိုနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာ အနိုင်ရခဲ့ဖူးတာက အရမ်းကံကောင်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ လှပတဲ့ အမှတ်တရတွေပါပဲ။ အိုလံပစ် ယူ-၂၀ အသင်းကို ဘယ်တော့မှမေ့နိုင်မှာ မဟုတ်ပါဘူး။ အားလုံးကိုကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့တာကလည်း မယုံနိုင်စရာပါပဲ။ အခုကောင်လေးတွေလည်း ကျွန်တော်တို့လိုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အိုလံပစ်ပွဲတော်ဟာ အခြားပြိုင်ပွဲတွေနဲ့မတူဘဲ အရမ်းထူးခြားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ၂၀၀၈ ခုနှစ် ဘေဂျင်းမှာကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ဗိုလ်စွဲခဲ့ဖူးတာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ လာမယ့်အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခြင်း မရှိသော်လည်း သူ့ရဲ့ကစားသမားဘဝကို ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်တဲ့အထိ တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ ကစားသမားဟောင်းက “ကျွန်တော် ခံစားချက်ကောင်းပြီး အမြင့်ဆုံးဘောလုံးအဆင့်မှာ ကစားနိုင်သရွေ့ နိုင်ငံအသင်းမှာ ကစားနေဦးမှာပါ။ အသင်းဖော်တွေကို အကူအညီပေးနိုင်တဲ့အထိ ဒီမှာဆက်ရှိချင်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တဲ့မက်ဆီဟာ မကြာမီမှာပဲကျင်းပတော့မယ့် ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ဆက်လက်ပါဝင်ပြီး လက်ရွေးစင်ကစားသမားဘဝ ၁၈၁ ပွဲမှာ ၁၀၆ ဂိုးအထိ သွင်းယူထားတဲ့ ဂိုးသွင်းမှတ်တမ်းကိုလည်း ဆက်လက်တိုးမြှင့်ဖို့ ကြိုးစားသွားဦးမှာဖြစ်ပါတယ်။