The network connection is lost.

Banner Image

တော့တင်ဟမ်ကို ၁၀ ဂိုးလောက်အထိ သွင်းနိုင်ခဲ့သင့်တယ်လို့ အခိုင်အမာပြောကြားလာတဲ့ ဒီကလန်ရိုက်စ်

ကြာသပတေးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မြောက်လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ်ကို ၂-၁ နဲ့အနိုင်ရခဲ့ပြီးနောက် ပွဲအပြီးမှာ အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ယခုပွဲစဉ်မှာ ၁၀ ဂိုးလောက်အထိ သွင်းနိုင်ခဲ့သင့်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ စောစောစီးစီးပဲ တော့တင်ဟမ်ရဲ့ဦးဆောင်မှုကိုခံခဲ့ရပြီး နောက်ကနေလိုက်ကစားခဲ့ရပေမယ့် ရိုက်စ်ကတော့ ဂိုးပြတ်နိုင်ခဲ့သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဂိုးပေါက်ကန်သွင်းချက် ၁၄ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပေမယ့် ထိုအထဲမှ တစ်ကြိမ်ကိုသာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပြီး တော့တင်ဟမ်ကတော့ ဂိုးပေါက်ကန်သွင်းချက် ၁၀ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာ ရိုက်စ်က “ဒီနေ့ပွဲစဉ်က အများကြီးအဓိပ္ပာယ်ရှိပါတယ်။ ပထမပိုင်း ၄၅ မိနစ်အတွင်းမှာ ကျွန်တော်တို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုပြသနိုင်ခဲ့ပါတယ်။ ဒါက ဒါဘီပွဲစဉ်တစ်ခုဆိုတာလည်း သက်သေပြသနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ၁၀ ဂိုးအထိမသွင်းနိုင်ခဲ့တာကတော့ ကံဆိုးပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အာဆင်နယ်အနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့ရှိမရှိမေးမြန်းခဲ့ရာ အင်္ဂလန်လက်ရွေးစင်က “ကျွန်တော်တို့ ဂျီးဆပ်ကို ဆုံးရှုံးထားပါတယ်။ သူက ၁ နှစ်လောက်အထိအနားယူသွားရမှာပါ။ ဒါကတကယ်ကို ခက်ခဲပါတယ်။ မန်နေဂျာအနေနဲ့ အဖြေရှာဖို့ကြိုးစားသွားမယ်ဆိုတာ သေချာပါတယ်။ အခုကာလမှာ ကစားသမားသစ်တွေခေါ်ယူမယ်ဆိုရင် ကျွန်တော်ကတော့ အံ့ဩမှာမဟုတ်ပါဘူး” လို့ဖြေကြားခဲ့ပါတယ်။ 

အခုပွဲရလဒ်ကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယားဒုတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီးထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၄ မှတ်သာကွာဟတော့ပေမယ့် လီဗာပူးက ပွဲကျန်တစ်ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ အက်ဖ်အေဖလားတတိယအဆင့်မှာ လက်ရှိချန်ပီယံယူနိုက်တက်ကိုရှုံးနိမ့်ခဲ့ပေမယ့် ယခုအခါမှာတော့ အာဆင်နယ်ဟာ နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်း အာတီတာအနေနဲ့ ယခုရာသီမှာ ဆုဖလားတွေဆွတ်ခူးလိုပါက ကစားသမားသစ်တွေခေါ်ယူပြီး အသင်းကိုအင်အားဖြည့်တင်းဖို့လိုအပ်နေပါသေးတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယား အဆင့် ၇ နေရာက အက်စတွန်ဗီလာကို အမ်းမရိတ်စ်မှာ ဧည့်ခံယှဉ်ပြိုင်သွားရပါမယ်။