
အက်သလက်တီကိုနဲ့ပွဲမှ ဘာစီလိုနာရဲ့ ခံစစ်စွမ်းဆောင်ရည်ကို စိတ်ပျက်မိကြောင်းပြောကြားလာတဲ့ ဟန်ဆီဖလစ်
ယနေ့နံနက်က ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ဟာ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ် ကစားခဲ့ကြပြီး တစ်ဖက် ၄ ဂိုးစီသရေကျခဲ့တာကြောင့် ပရိသတ်တွေအတွက် အတော်လေးဖျော်ဖြေမှုပေးနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို ဘာစီလိုနည်းပြဟန်ဆီဖလစ်အတွက်လည်း အနိုင်ရလဒ်မှ သရေရလဒ်သာပြန်လည်ရရှိခဲ့တဲ့အတွက် စိတ်ပျက်စရာပွဲစဉ်ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာတော့ ၄ ဂိုးအထိခွင့်ပြုခဲ့ရတဲ့ ဘာစီလိုနာရဲ့ နောက်တန်းကို ဟန်ဆီဖလစ်က စိတ်ပျက်မိကြောင်းပြောကြားလာခဲ့ပြီး ဒီထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးရရှိဖို့ အလုပ်ကြိုးစားသွားရမယ်လို့ ဆိုပါတယ်။ ဖလစ်က "နောက်တန်းပိုင်းမှာ အလုပ်ကြိုးစားဖို့လိုနေပါတယ်။ ပွဲကောင်းတစ်ပွဲကစားနိုင်ခဲ့ပေမယ့် ၄ ဂိုးအထိခွင့်ပြုခဲ့ရတာကတော့ များလွန်းပါတယ်။ ၂-၀ နဲ့ဦးဆောင်ထားခံရချိန်မှာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းက အတော်လေးချီးကျူးဖို့ကောင်းပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်လေးတွေမှာ အာရုံစိုက်ဖို့ လိုအပ်နေပါတယ်"
"အသင်းတိုင်းက အဖြေရှာပြီး မတူညီတဲ့အရာတွေပြုလုပ်နေကြပါတယ်။ ကျွန်တော်တို့အသင်းက ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာတော့ အားကောင်းပေမယ့် အက်သလက်တီကိုကလည်း အရမ်းကောင်းတဲ့အသင်းပါ။ ကျွန်တော်တို့ ၇၅ မိနစ်လောက်အထိ ကောင်းကောင်းခုခံနိုင်ခဲ့ပေမယ့် အဆုံးမှာတော့ ကျရှုံးခဲ့ပါတယ်။ နောက်ဆုံးဂိုးကိုခွင့်ပြုခဲ့ရတာကို ကျွန်တော်မယုံကြည်နိုင်သေးပါဘူး။ ဒီအကြောင်းကို ဆွေးနွေးသွားဖို့လိုနေပါပြီ"
"တစ်ဖက်မှာလည်း အသင်းရဲ့ယုံကြည်မှုတိုးတက်လာတယ်ဆိုတာ အရေးကြီးတဲ့အချက်တစ်ချက်ပါ။ အထူးသဖြင့် ကစားသမားလေးတွေက ဘယ်လောက်ပဲအသက်ငယ်ကြပါစေ။အနာဂတ်အတွက်တော့ ကျွန်တော်ယုံကြည်မှုရှိနေပါပြီ။ နောက်ဆုံး ၁၀ မိနစ်အတွက်တော့ ကျွန်တော်စိတ်ပျက်မိပါတယ်။ ဒီပွဲရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို ကျွန်တော်စိတ်ကျေနပ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ၅ ရာခိုင်နှုန်းကိုတော့ စိတ်ပျက်မိလို့ အလုပ်ကြိုးစားသွားရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဟန်ဆီဖလစ်က ယခုပွဲစဉ်မှာ အထူးခြေစွမ်းပြသခဲ့တဲ့ အသင်းရဲ့ကွင်းလယ်လူ ပီဒရီကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်ကစားသမားဟာ ဘာစီလိုနာအတွက် ပထမဆုံးချေပဂိုးကို စတင်သွင်းယူပြီး အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ဆွဲတင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ဖလစ်က "ပီဒရီကို ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ သူက ဘောလုံးကစားရတာ အရမ်းပျော်နေတဲ့လူတစ်ယောက်ပါ။ သူ့ကို လေ့ကျင့်ရေးကွင်းမှာရော၊ တကယ့်ပွဲထဲမှာပါ တူညီတဲ့ပုံစံနဲ့မြင်တွေ့နိုင်ပါတယ်။ သူဘောလုံးကိုဘယ်လောက်ချစ်သလဲဆိုတာ လူတိုင်းမြင်နိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။