
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခွာလာရပြီးနောက် ဒေါသအိုးပေါက်ကွဲခဲ့တဲ့ လော်တာရိုမာတီနက်ဇ်
ဒီနေ့မနက်ပိုင်း၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆- သင်းရှုံးထွက်ပွဲစဉ်မှာ ဖလူမီးနိစ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အင်တာမီလန်အသင်းခေါင်းဆောင်လော်တာရိုမာတီနက်ဇ်က လေးလံထိုင်းမှိုင်းနေတဲ့ ကစားသမားတစ်ဦးကို ဝေဖန်ပြောဆိုရင်း ထိန်းမနိုင်သိမ်းမရဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။
ဖလူမီးနိစ်အသင်းရဲ့မာကျောမှုက အင်တာမီလန်အတွက် အံ့အားသင့်စေခဲ့ပြီး ပွဲချိန်တလျှောက်လုံး အီတာလျံကလပ်အသင်းရဲ့ ပြိုင်ဘက်ဂိုးပေါက်ဆီခြိမ်းခြောက်နိုင်စွမ်း ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါကြောင့် တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်လည်း ဒေါသအိုးပေါက်ကွဲခဲ့ပြီး အသင်းအပေါ် ပိုပြီးသစ္စာရှိကြဖို့ အသင်းဖော်တွေဆီ တောင်းဆိုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အာဂျင်တီးနားသားက “ အဓိကဆုဖလားကြီးတွေအတွက် ကျွန်တော် တိုက်ပွဲဝင်သွားချင်တယ်။ အင်တာမီလန်မှာ ဆက်ရှိနေချင်သူတိုင်း အကောင်းဆုံးလက်တွဲပြီး တိုက်ပွဲဝင်သွားကြမယ်။ ဒါပေမဲ့ အသင်းနဲ့ဆက်မပေါင်းချင်သူတွေလည်း အသင်းမှ ထွက်ခွာသွားနိုင်ပါတယ်။
ကျွန်တော်တို့ကတော့ အသင်းမှာဆက်ရှိနေချင်သူတွေကိုပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့က တကယ့်ကိုအရေးပါလွန်းတဲ့ ဂျာစီအင်္ကျီကို ဝတ်ဆင်ထားကြတာပါ။ ကျွန်တော်တို့အတွက် ထိပ်တန်းအဆင့်မှာရှိတဲ့ စိတ်ဓါတ်မျိုးကို လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျေးဇူးပြုပြီး အသင်းမှထွက်သွားပေးပါ”လို့ ပြောပါတယ်။
အင်တာမီလန်က အသွင်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဆုဖလားစိန်ခေါ်နိုင်မယ့်အသင်းအဖြစ် ရောက်ရှိလာပေမယ့် အုပ်စုအဆင့်မှာ ရေးဗားပလိတ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှတပါး စွမ်းဆောင်ရည်ပိုင်းမတည်ငြိမ်ခဲ့ဘဲ ဂျေလိဂ်ကလပ် အူရာဝါကို နောက်ကျဂိုးဖြင့် အနိုင်ယူခဲ့ရသလို မက္ကဆီကိုကလပ် မွန်တာရေးနဲ့လည်း တစ်ဖက်တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ငါးဂိုးပြတ်ရှုံးနိမ့်မှုနဲ့အတူ ပြည်တွင်းဆုဖလားတွေနဲ့လည်း လွဲချော်ခဲ့တဲ့ အင်တာမီလန်ရဲ့စိတ်ပျက်စရာဘောလုံးရာသီတစ်ခုဆီ အခုရှုံးထွက်အဆင့်ပွဲစဉ်ရှုံးနိမ့်မှုကိုပါ ထည့်သွင်းလာရပါတော့မယ်။ မာတီနက်ဇ်က “ ဒါဟာ ရှည်လျားပင်ပန်းလွန်းတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ပြီး ကျွန်တော်တို့တော့ ဆုဖလားလက်မဲ့ဘဝနဲ့ ဆုံးခန်းတိုင်ခဲ့ပါပြီ။ ကျွန်တော်တို့တွေ စိတ်အားထက်သန်မှုအပြည့် ရှိနေရပါမယ်။ ဒီဒေသအထိလာရောက်အားပေးတဲ့ အသင်းပရိသတ်တွေကိုလည်း ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်က အသင်းခေါင်းဆောင်ဖြစ်ပြီး အရာရာတိုင်းမှာ စံပြဖြစ်သွားချင်ပါတယ်”လို့ ပြောပါတယ်။
အင်တာမီလန်အသင်းဥက္ကဋ္ဌမာရော့တာကတော့ “ အသင်းမှာဆက်မရှိချင်တဲ့ကစားသမားတွေနဲ့ပတ်သက်လို့ လော်တာရိုမာတီနက်ဇ်ရဲ့သတင်းစကားပေးပို့မှုလား? သူကတော့ အတိအကျမပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် အတိအကျပြောပြပါမယ်။ ဒီသတင်းစကားက ကယ်လ်ဟာနိုဂလူအတွက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ကယ်လ်ဟာနိုဂလူနဲ့ ဆွေးနွေးသွားရပါလိမ့်မယ်။ အခြေအနေတွေက လမ်းခွဲဖို့ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်က ဘာပြဿနာမှမရှိဘဲ လမ်းခွဲပေးသွားပါမယ်”လို့ ပြောပါတယ်။ အင်တာမီလန်က စီးရီးအေဘောလုံးရာသီသစ်ကို လာမယ့်သြဂုတ်လ၊ အိမ်ကွင်းမှာ တိုရီနိုကို ဧည့်ခံကစားရင်း စတင်သွားပါမယ်။