
ပရီးမီးယားလိဂ်မှာ ဆက်နေနိုင်ချေရှိနေတဲ့ မန်စီးတီးစတား
သတင်းတွေအရ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတစ်ယောက် နွေရာသီမှာ အသင်းကနေထွက်ခွာမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာဆက်နေနိုင်ချေရှိနေတယ်လို့ သိရပါတယ်။အသက် ၃၃ နှစ်သားဟာ နော်ဝေသတင်းထောက် ဂျန်အေ့ဂျ်နဲ့အင်တာဗျူးမှာ သူ့အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အင်္ဂလန်မြေမှာ ဆက်နေနိုင်ချေရှိတာကို မငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
အင်တာဗျူးမှာ ဒီဘရိုင်းက “စိန်ခေါ်မှုဆိုတာ အမြဲတမ်းရှိပါတယ်။ ခင်ဗျားသိလား။ ကျွန်တော် လာမယ့်ရာသီဘာဖြစ်မလဲဆိုတာ မသိပါဘူး။ အသင်းတွေက သူတို့ပရောဂျက်ကို ချပြပြီး ဆွဲဆောင်မှာပါ။ ကျွန်တော့်အသက်က ငယ်ရွယ်တဲ့အနေအထားမဟုတ်ဘူးဆိုတာ သိပါတယ်။ ကျွန်တော် ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မျိုးပြသနိုင်နေဆဲဖြစ်ပါတယ်။ ဘယ်အသင်းတွေက စိတ်ဝင်စားနေလဲ ဒါမှမဟုတ် သူတို့ဘာတွေလုပ်နေလဲဆိုတာ ကျွန်တော်မသိပါဘူး။
ဘာပရောဂျက်ဖြစ်ဖြစ် ကျွန်တော် နားထောင်သွားမှာပါ။ကျွန်တော် ဘောလုံးကိုချစ်ပါတယ်။ ဘောလုံးကန်နေရတာကို ချစ်သလို တကယ်လို့ ကျွန်တော့်မိသားစုအတွက်လည်း ပရောဂျက်က အဆင်ပြေတယ်ဆိုရင် ကျွန်တော် ဆုံးဖြတ်ချက်ချမှာပါ။ အင်္ဂလန်မှာဆက်နေနိုင်လားဆိုတာ ကျွန်တော်မသိသေးပါဘူး။ အရိုးသားဆုံးပြောတာပါ။ တစ်ပတ်တည်းနဲ့ ဆုံးဖြတ်ချက်ချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်မိသားစုကိုလည်း ထည့်တွက်ရမှာဖြစ်သလို သူတို့နဲ့လည်း စကားပြောရပါဦးမယ်။ အဲ့နောက် ဘယ်အသင်းက ကျွန်တော့်ကိုခေါ်ချင်နေလဲဆိုတာ ကြည့်ရပါမယ်။ ဒါကြောင့် ကျွန်တော် မသိသေးပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။
အခုအပတ်အစောပိုင်းတုန်းက ဘယ်လ်ဂျီယံသားတစ်ယောက် ကာလရှည်ကစားခဲ့တဲ့ စီးတီးကနေထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ညက ပဲလေ့စ်ကို ၅-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ထူးရှယ်စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။