ဒဏ်ရာပြဿနာတွေရှိခဲ့မယ်ဆိုရင် ဇန်နဝါရီမှာ ခံစစ်ကစားသမားသစ်ခေါ်ယူမယ့် ချဲလ်ဆီး
ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာက မိမိတို့အနေနဲ့ ခံစစ်မှာဒဏ်ရာပြဿနာဖြစ်ခဲ့ရင် ခံစစ်ကစားသမားသစ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူမယ်လို့ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းမှာ လက်ရှိအားထားရတဲ့နောက်ခံလူတွေဖြစ်တဲ့ ဖိုဖာနာ နဲ့ ဘာဒိုင်းရှီလီတို့ ဒဏ်ရာပြဿနာရှိနေတာဖြစ်ပါတယ်။
အဆိုပါအနေအထားမှာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်း အသင်းဘက်က ကစားသမားအသစ်ခေါ်ယူနိုင်ချေရှိနေတယ်လို့ မာရက်စ်ကာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သတင်းထောက်တွေကို အီတလီသားကပြောကြားရာ “လက်ရှိအချိန်မှာတော့ အသင်းဘက်ကအဆင်ပြေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖိုဖာနာက ၁၂ ပတ်ကနေ ၁၆ ပတ်လောက်အထိ နားရနိုင်ပါတယ်။ အဲ့တာက ရာသီကုန်အထိ ဖြစ်နိုင်ပါတယ်။
တကယ်လို့ သူစောစောပြန်လာနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ပျော်ရွှင်မိမှာပါ။ ဒါပေမယ့် ဘာဒိုင်းရှီလီက ပြန်လာနိုင်ဖို့ နီးစပ်နေပါပြီ။ ဂျို့ရှ်ကို ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ပေးနေပါတယ်။
အက်ဆဲလ် နဲ့ လီဗီတို့လည်း အဆင်ပြေနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ သတင်းထောက် ဒီမာဇီယိုရဲ့အဆိုအရ ဂျူဗင်တပ်စ်အသင်းဟာ ချဲလ်ဆီးနောက်ခံလူ ဒီဆာဆီကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးဘက်က ကစားသမားကို အခုဇန်နဝါရီအပြောင်းအရွှေ့မှာ အပြီးသတ်ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။