ယူနိုက်တက်က ကမ်းလှမ်းတုန်းက ဘယ်လိုမျိုးတုံ့ပြန်လိုက်သလဲဆိုတာ ပြောကြားလိုက်တဲ့ ကိုနေး
ယူနိုက်တက်ကခေါ်ယူဖို့အတွက် ပထမဆုံးအကြိမ် သူ့ကိုကမ်းလှမ်းတုန်းက ဘယ်လိုတုံ့ပြန်လိုက်သလဲဆိုတာနှင့် ရော်နယ်ဒိုရဲ့ခြေရာကို ဘယ်လိုမျိုးနင်းချင်ကြောင်း ကိုနေးက ပြောကြားလိုက်ပါတယ်။ ကိုနေးဟာ မာလီကလပ်ဖြစ်တဲ့ ဂူယီဒါအက်ဖ်အေကနေ ယူနိုက်တက်သို့ ပြောင်းလာကတည်းက ယူ ၁၉ နှင့် ယူ ၂၁ တို့အတွက် ကစားပေးနေတာဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကစားသမားက ယူနိုက်တက်က ကမ်းလှမ်းတဲ့အခါ ဘယ်လိုမှမငြင်းနိုင်ခဲ့ခြင်းနှင့် ရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ်၊ မိုင်နူးတို့လို ယူနိုက်တက်လူငယ်ကစားသမားတွေရဲ့ခြေရာကို နင်းလိုကြောင်း ဝန်ခံပြောကြားထားပါတယ်။
Afriac Foot သို့ ကိုနေးက "ပထမဆုံး ယူနိုက်တက်နဲ့ စာချုပ်ချုပ်နိုင်မယ်လို့ မထင်ခဲ့မိပါဘူး။ ကမ်းလှမ်းမှုရရှိခဲ့တုန်းက ကျွန်တော်က ကလောက်နိုင်းမှာပါ။ ကမ္ဘာ့ဘောလုံးလောကမှာ ယူနိုက်တက်ဆိုတာ အသင်းကြီးတစ်သင်းပါ။ ဒီလိုရွေးချယ်မှုမျိုးကို ကျွန်တော်က ဘာလို့ငြင်းရမှာလဲ ဒါဟာ ကျွန်တော့်အတွက် အမြင့်သို့ရောက်သွားစေမယ့် လှေကားဖြစ်ပါတယ်"
"ဆုဖလား အကြိမ် ၂၀ အထိ ရရှိထားတဲ့ ကလပ်ဖြစ်လို့ လိုလားချက်တွေကလည်း များပါတယ်။ ဒါ့အပြင် အခွင့်အရေးတွေ အများကြီးရှိနေတဲ့ အသင်းလည်းဖြစ်ပါတယ်။ ကျွန်တော့်မှာ တိုးတက်ဖို့တွေ အများကြီးရှိနေသေးပေမယ် သူတို့ဟာ မာလီက ကလေးတစ်ဦးကို ကြီးမားတဲ့ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် ယူနိုက်တက်လိုအသင်းမျိုးကို မငြင်းပယ်နိုင်ပါဘူး။ ကလေးဘဝကတည်းက ယူနိုက်တက်ကို သဘာကျတာကြောင့် ဒါဟာ နှလုံးသားထဲကလာတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ကိုယ့်ကိုကိုယ်အမြဲပြောဖူးပါတယ်"
"ရေတိုမှာ ကျွန်တော့်ရဲ့အနာဂတ်အတွက် စိုးရိမ်စရာတွေရှိတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဘာကိုမှ ကျွန်တော် မစိုးရိမ်ပါဘူး။ ရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ်၊ နှင့် မိုင်နူးတို့ကိုကလည်း ဒီက လူငယ်ကစားသမားဘဝကနေ စတင်သွားကြသူတွေပါ။ နည်းပြသစ်က သဘောကောင်းပြီး လူငယ်ကစားသမားတွေကိုလည်း သဘောကျသူဖြစ်ပါတယ်။ အခွင့်အရေးလာတဲ့အခါ ဖမ်းဆုပ်ဖို့ ကျွန်တော်က ကြိုးစားဖို့သာ လိုပါတယ်" လို့ ပြောပါတယ်။
ဒီနှစ်အစောပိုင်းက လီဗာပူးနှင့် ဝုဗ်တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသော်လည်း ကိုနေးက ယူနိုက်တက်သို့သာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မာလီလူငယ်ကစားသမားလေးမှာ အထူးကောင်းမွန်တဲ့ အခွင့်အရေးရှိနေတာလည်းဖြစ်ပါတယ်။ ဒီရာသီမှာ ယူ ၂၁ အသင်းအတွက် ၂ ပွဲကစားထားတဲ့ ကိုနေးဟာ နည်းပြသစ်အမ်မိုရင်နဲ့ လက်အောက်မှာ ပထမအသင်းကြီးနဲ့အတူ ပွဲထွက်ဖို့ ပစ်မှတ်ထားနေပါတယ်။