The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အနားယူချိန်နည်းပါးသွားမှုအပေါ် စိုးရိမ်ပူပန်နေတဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ပရီမီးယားလိဂ်ဘောလုံးရာသီသစ်မစတင်ခင် သူ့အသင်းအတွက် အနားယူချိန်နည်းပါးသွားနိုင်တဲ့ကိစ္စအပေါ် စိုးရိမ်ပူပန်နေပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်မှုကြောင့် အသင်းအတွက် ပျက်စီးဆုံးရှုံးရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးက ယမန်နှစ်၊ပရီးမီးယားလိဂ်ဘောလုံးရာသီကို မေ ၂၅ ရက်မှာ အဆုံးသတ်ခဲ့ပြီး သီတင်းသုံးပတ်အကြာ၊ ဇွန် ၁၈ ရက်၊ ဖီလာဒဲလ်ဖီးယားမြေမှာ သူတို့ရဲ့ကလပ်ကမ္ဘာ့ဖလားခရီးစဉ် စတင်ခဲ့ပါတယ်။

သူတို့တွေက နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် အော်လန်ဒိုမှာ အယ်လ်ဟီလယ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်မယ်ဆိုရင် ဇူလိုင် ၁၃ ရက်အထိ အမေရိကန်မြေမှာ ဆက်ရှိနေသွားရပါမယ်။ ဒါကြောင့် သြဂုတ် ၁၆ ရက်မှာ စတင်မယ့် ပရီးမီးယားလိဂ်ရာသီသစ်အတွက် မန်စီးတီးအသင်းပြင်ဆင်ချိန် တစ်လဝန်းကျင်သာ ရရှိပါလိမ့်တယ်။

ပက်ဂွါဒီယိုလာကတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့အသင်း ဘယ်အချိန်အထိ ရှိနေမလဲဆိုတာ မသိသေးဘူးလို့ ပြောကြားခဲ့ပြီး ဒီနှစ်နှောင်းပိုင်းအထိ ပေါ်ပေါက်လာနိုင်တဲ့ အကျိုးသက်ရောက်မှုကိုလည်း သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဆွေးနွေးသွားခဲ့ပါတယ်။

သူက “ ကျွန်တော်ပြောနိုင်မယ့်အရာကို နားထောင်ပေးကြပါ။ ကျွန်တော်တို့မှာ ကပ်ဘေးတစ်ခု ရှိနေပါတယ်။ ကျွန်တော်တို့ မောပန်းနွမ်းလျနေပါပြီ။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ကျွန်တော်တို့ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ကျွန်တော်လည်း မသိသေးပါဘူး။ ဒါပေမဲ့ အခုလိုမျိုးကြုံတွေ့ရတာ ကျွန်တော့်ဘဝရဲ့ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါကြောင့် စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က လေးနှစ်တစ်ကြိမ်၊ ရာသီကြိုကာလမှာကျင်းပမယ့် ကလပ်အသင်း ၃၂ ခုပါ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘောလုံးလောကရဲ့ အဆိုးဝါးဆုံးအကြံအစည်တစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ပက်ဂွါဒီယိုလာကလည်း ယာဂန်ကလော့ပ်ရဲ့မှတ်ချက်အပေါ် နားလည်ပေးနိုင်စွမ်းအပြည့်ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက “ အထူးသဖြင့် ယူအီးအက်ဖ်အေအစည်းအဝေးတိုင်းမှာ(သို့မဟုတ်) ပရီးမီးယားလိဂ်ပွဲစဉ်ဇယားရေးဆွဲမှုဆွေးနွေးချိန်တိုင်းမှာ နည်းပြနဲ့ ကစားသမားတွေကို အနားယူချိန် ပိုပေးခြင်းဖြင့် ဘယ်လိုအရည်အသွေးကောင်းတွေ ထွက်ပေါ်လာနိုင်သလဲဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်နဲ့ ယာဂန်ကလော့ပ်က အတူတကွ အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ဖူးပါတယ်။

ဒါကြောင့် သူ့ရဲ့မှတ်ချက်စကားကို ကျွန်တော် မအံ့သြမိပါဘူး။ ကျွန်တော့်သဘောထားနဲ့လည်း တသားတည်းဖြစ်နေလို့ သူ့ရဲ့မှတ်ချက်စကားကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်”လို့ ပြောပါတယ်။