
လီဗာပူးဆီ ရောက်ရှိလာဖို့ နီးစပ်နေတဲ့ ဖလော်ရီယန်ဝစ်ဇ်အတွက် သတိပေးစကားဆိုလာတဲ့ တိုနီခရူးစ်
အခုနွေရာသီ၊ လီဗာပူးဆီ ပြောင်းရွှေ့လာချိန် ဖလော်ရီယန်ဝစ်ဇ်အတွက် အရာရာတိုင်းဟာ ကွဲပြားခြားနားနေမှာ ဖြစ်ပေမယ့် ဒီလိုအရာတွေကို ကစားသမားကိုယ်တိုင်ကျော်ဖြတ်နိုင်မယ်လို့ တိုနီခရူးစ်က ယုံကြည်နေပါတယ်။ ရိုမာနိုရဲ့အဆိုအရ ကြိုးကြာနီတွေရဲ့ယူရိုသန်း ၁၀၀ တန်ကမ်းလှမ်းထားမှုနဲ့အတူ အခုနွေရာသီမှာ ဖလော်ရီယန်ဝစ်ဇ်က လေဗာကူဆင်မှ လီဗာပူးဆီ ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်ရဲ့ချဉ်းကပ်မှုတစ်ခုကို ပယ်ချပြီးနောက် လီဗာပူးဆီပြောင်းရွှေ့ဖို့ ရွေးချယ်ပြီးပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အသက်-၂၂ နှစ်အရွယ်ကစားသမားက အလွန်ဆိုလက်အောက် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ လေဗာကူဆင်ရဲ့အံ့မခန်းဘွန်ဒက်စ်လီဂါချန်ပီယံအောင်ပွဲမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အခုဘောလုံးရာသီမှာ ချန်ပီယံဘွဲ့ကို လေဗာကူဆင်အသင်း မကာကွယ်နိုင်ခဲ့ပေမယ့် ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်း၊ ၁၆ ကြိမ် ဂိုးဖန်တီးပေးခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းကတော့ အဓိကမီးမောင်းထိုးပြသစရာ အချက်အလက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ဂျာမန်လက်ရွေးစင်အသင်းဖော်ဟောင်းကတော့ အင်္ဂလန်ဆီ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ထားချိန် ကြီးမားတဲ့အပြောင်းအလဲတစ်ခုအတွက် ကွင်းလယ်ဖန်တီးရှင်ကိုယ်တိုင် အသင့်ပြင်ဆင်ထားရမယ်လို့ သတိပေးလိုက်ပြီး ဒီအပြောင်းအလဲကို ဖလော်ရီယန်ဝစ်ဇ် အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။
Sky Sport နဲ့တွေ့ဆုံခန်းမှာ လေဗာကူဆင်၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်း တိုနီကရူးစ်က “ ဘယ်နေရာပဲရောက်ရောက် သူ မှန်ကန်တယ်ဆိုတာကို လုပ်ပြနိုင်စွမ်းရှိနေတာ ဖလော်ရီယန်ဝစ်ဇ်အတွက် အရမ်းကောင်းပါတယ်။ ဒါက မှန်ကန်တဲ့အပြောင်းအရွှေ့တစ်ခုဟုတ်ရဲ့လားဆိုတာ နောက်ပိုင်းမှာ အဖြေထုတ်သွားရပါလိမ့်မယ်။
အခုအချိန်မှာတော့ ဘိုင်ယန်မြူးနစ်ဆီပဲဖြစ်ဖြစ်၊ လီဗာပူးဆီပဲဖြစ်ဖြစ် သူဘယ်နေရာကိုပဲသွားသည်ဖြစ်စေ၊ အရာရာတိုင်းက လေဗာကူဆင်မှာလိုမဟုတ်တော့ဘဲ ကွဲပြားခြားနားသွားပါလိမ့်မယ်။ ကျွန်တော်တို့တွေ စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
အခုသီတင်းပတ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့ လေဗာကူဆင်တို့အကြား အပြောင်းအရွှေ့အတွက် ဆွေနွေးမှုတွေ ဆက်ရှိကာ မကြာခင်မှာ တရားဝင်ကြေညာသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအပြောင်းအရွှေ့သာဖြစ်မြောက်လာရင် ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးအသင်းသမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအများဆုံးကစားသမားတွေအနက် တစ်ဦးအဖြစ် ပါဝင်လာပါလိမ့်မယ်။